News

POST TYPE

LATEST NEWS POST

မန္တလေးတက္ကသိုလ် ဘောလုံးကွင်းကို ပုဂ္ဂလိကကုမ္ပဏီအား ငှားရမ်းမည်ဟုဆို
22-Jul-2019

မန္တလေး၊ ဇူလိုင် ၂၂

မန္တလေးတက္ကသိုလ်အတွင်းရှိ ကျောင်းပိုင် ဘောလုံးကွင်းအား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို နှစ် ၃၀ စာချုပ်ဖြင့် ကျောင်းတာဝန်ရှိသူများကငှားရမ်းရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂထံမှ သိရသည်။

မန္တလေးတက္ကသိုလ် တာဝန်ရှိသူများသည် Easigreen ကုမ္ပဏီလီမိတက်နှင့် ဘောလုံးကွင်းကို အဆင့်မြှင့်တင်နိုင်ရေးအတွက်ဟုဆိုကာ ပထမဆယ်နှစ်ကို အကျိုးတူ၊ ကျန်သည့်နှစ်နှစ်ဆယ်ကို အငှားဖြင့် ငှားရမ်းရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း စာချုပ်မူကြမ်းအရ သိရသည်။

“တက္ကသိုလ်တာဝန်ရှိသူတွေအနေနဲ့က ရေတိုအတွက်ပဲ ကြည့်ပြီးလုပ်လို့မရဘူး။ နောင်လာမယ့် ကျောင်းသားတွေအတွက် ရေရှည်ကြည့်သင့်ပါတယ်။ ကွင်းပိုကောင်းလာဖို့အတွက်ပဲ ကြည့်ပြီးတော့ တခြားဆိုးကျိုးတွေကို မကြည့်ဘူးဆိုရင် တက္ကသိုလ်ဘက်က နစ်နာမှာပါ”ဟု ယင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ မယမင်းသူက ပြောဆိုသည်။

ကုမ္ပဏီနှင့် တက္ကသိုလ် တာဝန်ရှိသူများသည် ဩဂုတ်လအတွင်း နှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုရန် ရည်ရွယ်ထားကြောင်း စာချုပ်မူကြမ်းအရ သိရသည်။

တက္ကသိုလ်မှ ကွင်းအသုံးပြုချိန်ကို နံနက် ၆ နာရီမှ ၈ နာရီ၊ ညနေပိုင်း ၃ နာရီ မှ ၅ နာရီအထိသတ်မှတ်ပြီး၊ ကွင်းအသုံးပြုလိုပါက ကြိုတင်စာရင်းပေးသွင်းရမည့်အပြင် ပညာရေးဝန်ကြီးဌာနက ပြုလုပ်သည့် အားကစားပြိုင်ပွဲများကိုလည်း ကုမ္ပဏီ၏လုပ်ငန်းစဉ်များ မရှိသည့်အခါမှသာ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

မန္တလေးတက္ကသိုလ်အတွင်း ဆိုင်ကယ်ပျောက်မှုများ၊ ရိုက်နှက်လုယက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တက္ကသိုလ်လုံခြုံရေးကို အထူးတင်းကျပ်ထားရချိန်တွင် လူထောင်နှင့်ချီ ဝင်ရောက်အသုံးပြုမည့် အခြေအနေကိုလည်း ကျောင်းသား ကျောင်းသူများက ထောက်ပြပြောဆိုလျက်ရှိသည်။

“ဒီကွင်းကို တက္ကသိုလ်တာဝန်ရှိသူတွေအနေနဲ့ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်နဲ့ လုပ်လို့မရဘူးလား။ ဒီကွင်းက မန္တလေးတက္ကသိုလ်အပြင် အခြားတက္ကသိုလ်တွေကလည်း ပြိုင်ပွဲတွေ လာကျင်းပလေ့ရှိတဲ့ကွင်းဖြစ်ပါတယ်”ဟု မယမင်းသူက ပြောဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ထံသို့ဆက်သွယ်၍ မေးမြန်းခဲ့သော်လည်း ဖြေကြားပေးခြင်း မရှိခဲ့ပေ။

M-04