News

POST TYPE

LATEST NEWS POST

တရုတ်သို့ သစ်သီးဝလံအမည်သစ်များ တရားဝင်ပို့ခွင့်ရရန် တရုတ်အစိုးရနှင့်ညှိနှိုင်း
22-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၂

တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိထားသည့် သစ်သီးဝလံများအပြင် သစ်သီးဝလံအမည်အသစ်များ တရားဝင် တိုးချဲ့တင်ပို့နိုင်ရန်အတွက် တရုတ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

သစ်သီးဝလံ အမည်အသစ်များ တရားဝင်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး တင်ပို့ခွင့်ရရန် ဆောင်ရွက်နေသည့် သစ်သီးဝလံ အမည်အသစ်များမှာ ငှက်ပျော၊ ထောပတ်၊ နာနတ်၊ ကျွဲကော၊ ရှောက်နှင့် လိမ္မော်တို့ဖြစ်သည်။ 
လက်ရှိတွင် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရရှိသည့် သစ်သီးဝလံ ၈ မျိုးရှိပြီး ဖရဲသီး၊ သခွားမွှေး၊ သရက်သီး၊ ဆီးသီး၊ လိုင်ချီး၊ ကြက်မောက်၊ မင်းကွတ်နှင့် ဒူးရင်းသီးတို့ဖြစ်သည်။

“တရားဝင်ရောင်းချနိုင်ဖို့ တောင်းဆိုထားတဲ့ သီးနှံတွေထဲက ငှက်ပျောနဲ့ နာနတ်သစ်သီးနှစ်မျိုးကိုတော့ တရုတ်ဘက်က သတ်မှတ်တောင်းဆိုချက်တွေအတိုင်း မြန်မာဘက်က တင်ပြထားပါတယ်”ဟု မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်း မင်းဒင်က ပြောကြားသည်။

အဆိုပါသီးနှံ ၈ မျိုးထဲမှ ဖရဲသီး၊ သခွားမွှေး၊ သရက်နှင့် ဆီးသီးတို့ကိုသာ နယ်စပ်မှတစ်ဆင့် တင်ပို့လျက်ရှိသော်လည်း လိုင်ချီးသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီးနှင့် ဒူးရင်းသီးတို့ကိုမူ ပြည်တွင်းတွင် စိုက်ပျိုးမှုမရှိသောကြောင့် မတင်ပို့နိုင်တော့ကြောင်း သစ်သီးဝလံကုန်သည်များက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံဘက်က တရားဝင် တင်ပို့ခွင့်မရရှိသေးဘဲ တရားမဝင် တင်ပို့နေရသည့် နာနတ်သီးကို တရုတ်နိုင်ငံ၊ အကောက်ခွန်ဌာနက ဇွန်လအတွင်းက လုံးဝမဝယ်ယူရန် တားမြစ်လိုက်သောကြောင့် နာနတ်သီးစိုက်တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ဒီနှစ်မှာ တရုတ်ဘက်က နာနတ် ဝယ်လိုအားကောင်းလာတဲ့အချိန်မှာ တင်သွင်းခွင့်ကို ပိတ်ချလိုက်တော့ အခက်အခဲဖြစ်နေကြတာ။ တရုတ်ဘက်ကို လုံးဝ မှီခိုနေတာထက်စာရင် တခြားထွက်ပေါက်တွေရှိလား စဉ်းစားရမှာ။ ကုန်ကြမ်းအနေနဲ့ပဲ သွားနေတော့ အဆင်မပြေတော့ဘူး။ သူများပြုသမျှနုရတာ”ဟု မူဆယ် (၁၀၅) မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

နာနတ်သီးစိုက်တောင်သူများ အခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် နာနတ်သီး ပြန်လည်တင်ပို့ခွင့်ရရှိရန် တရုတ်အစိုးရနှင့် ညှိနှိုင်းလျက်ရှိသော်လည်း လက်ရှိအချိန်အထိ အဆင်မပြေသေးကြောင်း ၎င်းကပြောဆိုသည်။

J-11