News

POST TYPE

LATEST NEWS POST

ရွှေပြည်သာတွင် အကြွေးတောင်းရာမှ လူသတ်မှုဖြစ်
22-Jul-2019

ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်တွင် ဇူလိုင် ၂၁ ရက် ညနေပိုင်းက အကြွေးတောင်းသည့်ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ရာမှ မိသားစုဝင် သုံးဦး ဓားဖြင့်ထိုးခံရပြီး အမျိုးသမီးတစ်ဦးမှာ အင်းစိန်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးခဲ့သူ ဒေါ်ဥမ္မာမြင့် (၄၃ နှစ်) မှာ အခင်းဖြစ်ညက ၎င်း၏နေအိမ်တွင်ရှိနေစဉ် လှမျိုးဦး (ခ) အညာသားက အကြွေးလာတောင်းရာမှ နှစ်ဦးစကားများ ရန်ဖြစ်ခဲ့စဉ် လှမျိုးဦးက ဒေါ်ဥမ္မာမြင့်နှင့် ဒေါ်ဥမ္မာမြင့်၏မိခင် ဒေါ်အေးသန်း၊ ဒေါ်ဥမ္မာမြင့်၏ လေးနှစ်အရွယ် သမီးတို့ကို ဓားဖြင့်ထိုးပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဓားထိုးခံရသူ သုံးဦးကို အင်းစိန်ဆေးရုံသို့တင်ပို့ခဲ့ရာ အခင်းဖြစ်ည ၉ နာရီခွဲတွင် ဒေါ်ဥမ္မာမြင့်မှာသေဆုံးခဲ့ပြီး ၎င်း၏မိခင်နှင့် လေးနှစ်အရွယ် သမီးငယ်တို့မှာ စိုးရိမ်ရလူနာအဖြစ် ဆေးကုသမှု ခံယူနေဆဲဖြစ်သောကြောင့် ရွှေပြည်သာမြို့မ ရဲစခန်းက လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူ လှမျိုးဦး (ခ) အညာသားကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းရှာဖွေခဲ့သည်။

လူသတ်မှုကျူးလွန်ခဲ့သူ လှမျိုးဦး (ခ) အညာသားကို ပြည်မြို့ ရွှေတောင်တွင် အခင်းဖြစ်ည သန်းခေါင်အချိန်၌ ဖမ်းဆီးရမိခဲ့သောကြောင့် ရွှေပြည်သာမြို့မ ရဲစခန်းက (ပ) ၂၅၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03