News

POST TYPE

LATEST NEWS POST

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်
22-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၂

ဘင်္ဂလားပင်လယ်အော်တွင် လေထု မငြိမ်မသက်ဖြစ်ပွားရာမှ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ယင်းလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

အဆိုပါ မုန်တိုင်းငယ်ဖြစ်လာပါက ယခုနှစ်အတွက် ဘင်္ဂလားပင်လယ်အော်တွင် ဒုတိယမြောက်မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ကြောင်း ၎င်းကပြောဆိုသည်။

ယင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးအားပိုလာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ထပ်လောင်းပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလကုန်မှစတင်၍ မေလပထမအပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားခဲ့သည် ဖန်နီ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းသို့ ကနဦးဝင်ရောက်မည်ဟု ခန့်မှန်းခဲ့သော်လည်း လမ်းကြောင်းပြောင်းလဲသွားသဖြင့် အိန္ဒိယသို့သာ ဝင်ရောက်ခဲ့သည်။

သို့သော်လည်း ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် ဒေသအလိုက် မိုးကြီးခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဇူလိုင်လတတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

E-03