News

POST TYPE

LATEST NEWS POST

ခန္တီးမြို့ ချင်းတွင်းမြစ်ရေ ကျဆင်း ရေဘေးရှောင်တစ်ဝက်ကျော် နေရပ်ပြန်
22-Jul-2019
ကလေး၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့အနီး ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်ရသူများသည် မြစ်ရေ ပြန်လည်ကျဆင်းပြီ ပြောင်းရွှေ့ခဲ့သူဦးရေ တစ်ဝက်ကျော်မှာ နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံး (ခန္တီးခရိုင်) ရုံးမှ သိရသည်။

ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၆ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်အရ ခန္တီမြို့ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာ အောက် ၁၀၉၀ စင်တီမီတာ ထိ ကျဆင်းခဲ့ပြီ ဖြစ်သည့်အတွက် ရေလွတ်ရာပြောင်းရွှေ့ နေထိုင်ထားသူ ၁၉၄၉ ဦး အနက် ဇူလိုင် လ ၂၁ ရက်နေ့တွင် လူဦးရေ ၁၁၅၈ ဦးမှာ နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲ့မှု ဦးစီးဌာနမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးသုတစိုးက ပြောသည်။

"ရွာတွေရော မြို့ပေါ်ရော တစ်ချို့တွေတော့ ကျန်သေးတယ်။ သူတို့အိမ်တွေ ရေမကျသေးတာရော တစ်ချို့အိမ်တွေကျတော့လည်း နံလို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ရေအမှတ်ကလဲ တစ်ထောင်ကျော်သေးတာဆိုတော့ စရွှေ့တဲ့သူတွေက ကျန်သေးတယ်" ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ရေ ကျဆင်းနေပြီဖြစ်သော်လည်း ဧရာဝတီမြစ်ရေမှာ ဆက်လက်မြင့်တက်နေစဲဖြစ်သဖြင့် ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့များဖြစ်သော ကသာမြို့၊ ထီးချိုင်းမြို့၊ ခင်ဦးမြို့၊ကျောက်မြောင်းမြို့၊ ကန့်ဘလူမြို့နှင့် စစ်ကိုင်းမြို့များတွင် မြစ်ရေများ ဝင်ရောက်သဖြင့် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရမှုများ ရှိနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံးမှ သိရသည်။

R-20