News

POST TYPE

LATEST NEWS POST

ပုဂံဒေသရှိ ပလတ်စတစ်အမှိုက်များ ရှင်းလင်း
20-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၀

ပုဂံဒေသရှိ စွန့်ပစ်ပလတ်စတစ်များကို ဇူလိုင် ၂၀ ရက်နေ့က လူအင်အား ၂၅၀ ခန့်ဖြင့် အမှိုက်ကောက်ယူခဲ့ပြီး အမှိုက်မပစ်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း Clean Yangon ထံမှ သိရသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းကို Bagan Plastic Campaign အဖွဲ့နှင့် Clean Yangon တို့ကပူးပေါင်းကာ စုပေါင်း အမှိုက်ကောက်ခဲ့ကြပြီး ယင်းအမှိုက်ကောက်ခြင်းကို အဖွဲ့ ၅ ဖွဲ့ခွဲကာ ဇူလိုင် ၂၀ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း Clean Yangon မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပုဂံမြေပေါ်မှာရှိတဲ့ စွန့်ပစ်ပလတ်စတစ်များ လျော့နည်းစေဖို့ ရည်ရွယ်ချက်နဲ့ အမှိုက်ကောက်တာပါ။ ပုဂံပလတ်စတစ် ကမ်ပိန်းအဖွဲ့နဲ့အတူ ညောင်ဦးမြို့နယ်က တာဝန်ရှိသူတွေ၊ ညောင်ဦးစည်ပင်အဖွဲ့နဲ့ ဩစတြေးလျမှာ ကျောင်းတက်နေတဲ့ မြန်မာလူငယ်ကျောင်းသားဟောင်းအဖွဲ့တွေနဲ့ နေရာငါးနေရာက လမ်းဘေးဝဲယာမှာ အမှိုက်တွေကိုကောက်တဲ့အပြင် ပိုစတာများ ကိုင်ဆောင်ပြီး ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ပုဂံတွင် စွန့်ပစ်ပလတ်စတစ်များကို ကောက်ရာတွင် အာနန္ဒာဘုရားကွင်းပြင်တွင်လည်းကောင်း၊ ဓမ္မရံကြီးမှ အာနန္ဒာဘုရားတွင်လည်းကောင်း၊ ဗူးဘုရားလမ်းဆုံမှ ဗူးဘုရားလမ်းတစ်လျှောက်နှင့် မဟာဗောဓိဘုရားလမ်းမှ အာနန္ဒာအထိလည်းကောင်း၊ ပုဂံမြို့သစ်မှရွှေဆံတော် ဘုရားသွားရာလမ်း (မြင်းကပါရွာအရှေ့ဘက်ထိပ်နားမှ အာနန္ဒာအထိလည်းကောင်း၊ မြင်းကပါကျောင်းအနီးမှ စတင်ကာ ပြတိုက်လမ်းမှ အာနန္ဒာဘုရားအထိလည်းကောင်း လမ်းဘေးဝဲယာရှိ အမှိုက်များကို ကောက်ခဲ့ကြောင်း သိရသည်။

J-10