News

POST TYPE

LATEST NEWS POST

ကော်ဖီလုပ်ငန်းရှင်များကို ဂျာမနီက ငွေကြေးထောက်ပံ့ပေးမည်
20-Jul-2019

ရန်ကုန်၊ ဇူလိုင် ၂၀

ကော်ဖီလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကော်ဖီလုပ်ငန်းရှင်များအတွက် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) က Coffee Innovation Fund အဖြစ် ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

ကော်ဖီလုပ်ငန်းလုပ်ကိုင်သည့် Coffee Producer များ၊ Processor များ၊ Exporter များ၊ Trader များ အပါအဝင် ကော်ဖီလုပ်ငန်းရှင်များအနေနှင့် မိမိတို့၏လုပ်ငန်းကို တီထွင်ဆန်းသစ်မှုများပြုလုပ်၍ ဈေးကွက်ချဲ့ထွင်ပြီး ကော်ဖီစိုက်တောင်သူများ၏ လူနေမှုဘဝမြင့်မားစေရန်ရည်ရွယ်၍ ငွေကြေးထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

လုပ်ငန်းရှင်များအနေနှင့် Coffee Innovation Fund ကို ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီး Proposal (လုပ်ငန်းအဆိုပြုလွှာ) တင်ပြရာတွင် ဘတ်ဂျက်အဆိုပြုလွှာကို ယူရို ၅၀,၀၀၀ ထက် မကျော်လွန်စေဘဲ လျှောက်ထားရမည်ဖြစ်ပြီး GIZ က လုပ်ငန်းအဆိုပြုလွှာများ ရွေးချယ်ရာတွင် လုပ်ငန်းများ၏ တီထွင်ဆန်းသစ်မှု၊ အားလုံး ပါဝင်နိုင်မှုနှင့် တိုးတက်မှု အလားအလာ စသည့်အချက်များကိုအခြေခံ၍ ရွေးချယ်သွားမည်ဖြစ်သည်။

ချေးငွေကို လူဦးရေ ၃၀ မှ ၄၀ ကြား အထိသာကန့်သတ်ထားပြီး Coffee Innovation Fund နှင့်ပတ်သက်သည့် Outreach Event ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရန်ကုန်မြို့ Novotel Hotel တွင် ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့်လုပ်ငန်းရှင်များ၊ ကော်ဖီထောက်ပံ့ကြေး လျှောက်ထားလိုသူများ တက်ရောက်နိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ Coffee Innovation Fund နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဒေါ်ပြည့်ပြည့်ပွင့် (Technical Adviser GIZ) ဖုန်း ဝ၉- ၂၅၄၁၃၂၈၇၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

J-11