News

POST TYPE

LATEST NEWS POST

သောက်သုံးရေအတွက် တရားမဝင် ရေငုတ်သွယ်ယူသူများကို အရေးယူမည်
18-Jul-2019
မကွေး၊ ဇူလိုင် ၁၇

မကွေးမြို့တွင် သောက်သုံးရေအတွက် တရားမဝင် ရေငုတ်သွယ်ယူနေသူများကို စစ်ဆေးကာ ဒဏ်ငွေရိုက်မည်ဖြစ်ကာ ဒဏ်ငွေမဆောင်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ ဥက္ကဌ ဦးဖိုးနီက ပြောကြားသည်။

လွန်ခဲ့သော (၁၀) နှစ်ကျော်ကတည်းကပင် လက်ရှိအချိန်ထိ သောက်သုံးရေ တရားမဝင် ရေငုတ်သွယ်တန်းထားသူများရှိသဖြင့် စည်ပင်သာယာရေးကော်မတီက လွန်ခဲ့သော (၃) လခန့်က စတင်ကာ ထိုသို့ လုပ်ဆောင်ခြင်းမပြုရန် ကြေညာထားပြီးဖြစ်သည့်အတွက် ယခုလကုန်ပိုင်းတွင် စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ တရားမဝင်ရေငုတ်သွယ်ယူထားသူများကို ကျပ်တစ်သိန်းမှ သုံးသိန်းအထိ ဒဏ်ငွေသတ်မှတ်ထားပြီး ဒဏ်ငွေမဆောင်ပါက မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တရားစွဲဆိုသွားမည်ဖြစ်သည်။

"ဒီလို တရားမဝင်ရေငုတ်သွယ်တာက ပြည့်သူ့ဘဏ္ဍာကို ခိုးနေတာနဲ့အတူတူပဲ။ တရားမဝင်ရေငုတ်သွယ်တာတွေရှိနေတာတော့ အသေအချာပဲ။ သုံးတဲ့နှစ်တွေကလည်း ကြာနေပြီ။ ဒါကြောင့် စစ်ဆေးအရေးယူဖို့လုပ်ရတာပါ"ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဥက္ကဌ ဦးဖိုးနီက ဆိုသည်။

မကွေးမြို့နယ်တွင် သောက်သုံးရေအတွက် စက်ရေတွင်းပေါင်း (၂၄) ခုနှင့် မြစ်ရေတင်စီမံကိန်းတစ်ခုတို့က တစ်နေ့လျှင် တစ်နာရီအတွင်း ရေဂါလံပေါင်း (၅၀၀၀) မှ (၇၀၀၀) ကြား ပေးဝေလျက်ရှိသည်။

R-23