News

POST TYPE

LATEST NEWS POST

ဆဲဗင်းဇူလိုင် လမ်းလျှောက်သူများကို တရားစွဲခြင်းသည် နိုင်ငံရေးပုံစံပျက်စီးအောင်လုပ်ခြင်းဟု ကျောင်းသားများဆို
17-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၇

ဆဲဗင်းဇူလိုင် လမ်းလျှောက်သူများကို တရားစွဲခြင်းသည် နိုင်ငံရေးပုံစံပျက်စီးအောင် လုပ်နေခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်ကပြောသည်။

၂၀၁၃ ခုနှစ်မှစတင်က ဆဲဗင်းဇူလိုင်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုခြင်းမရှိဘဲ ဒီမိုကရေစီအစိုးရဟုဆိုသည့် ယခုအစိုးရလက်ထက်ရောက်မှ တရားစွဲခြင်းသည် မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။

“ဒါက ဆဲဗင်းဇူလိုင်လုပ်ရပ်ကို စော်ကားတာ၊ မထီမဲ့မြင်ပြုတာ၊ ကျောင်းသားတွေကို စိန်ခေါ်တယ်လို့ မြင်တယ်”ဟု ဒေါင်းတို့မျိုးဆက်အဖွဲ့မှ ကိုဇေယျာလွင်က ပြောသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့သည့်နေ့ဖြစ်ပြီး ထိုနေ့တွင် လမ်းလျှောက်သူများကို တရားစွဲမည်ဆိုပါက အာဇာနည်နေ့တွင် လမ်းလျှောက်သူများကိုပါ တရားစွဲသင့်ကြောင်း ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူက ပြောသည်။

တရားစွဲဆိုခံရသည့်ကျောင်းသားများအနေနှင့် ယခုလုပ်ရပ်ကို လုံးဝလက်မခံဘဲ အမှုရင်ဆိုင်ရာတွင် အာမခံ မယူဘဲ အချုပ်ဖြင့်သာ တရားရင်ဆိုင်သွားမည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းဟန်ထက်က ပြောသည်။

“အရင်နှစ်တွေက လျှောက်ခဲ့တာကို ဒီနှစ်မှ ဘာလို့တရားစွဲတာလဲ။ မေးခွန်းထုတ်စရာပေါ့”ဟု ၎င်းကဆိုသည်။

၅၇ နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့တွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမဂ္ဂမြက်ခင်းပြင်တွင်းသို့ ချီတက်အလေးပြု ကျောင်းသားများအနက် ကိုမင်းဟန်ထက်ပါ ကျောင်းသားလေးဦးကို လှိုင်မြို့နယ် ရဲတပ်ဖွဲနှင့် ကမာရွတ်မြို့ နယ်ရဲစခန်းတို့က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဇူလိုင် ၁၄ ရက်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အေးချမ်းသူ