News

POST TYPE

LATEST NEWS POST

ခြေ/ဥ ပြင်ဆင်ရေးတွင် အန္တရာယ်ရှိလာသည်ကိုမြင်ရမည်ဟု ဗိုလ်မှူးချုပ်မောင်မောင် ပြော
17-Jul-2019
နေပြည်တော်၊ ဇူလိုင် ၁၇

လွှတ်တော်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြင်ဆင်ချက်များလာသဖြင့် အခြေခံဥပဒေတွင် အန္တရာယ်ရှိလာသည်ကို မြင်ရမည်ဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က မီဒီယာများကို ပြောကြားလိုက်သည်။

ဇူလိုင် ၁၇ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် ဗိုလ်မှူးချုပ်မောင်မောင်က မီဒီယာများနှင့်တွေ့ဆုံစဉ် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅ ဦးကော်မတီ၏ အစီရင်ခံစာတွင် အချက်ပေါင်း ၃၇၆၅ ချက်ကိုပြင်ရန် လျာထားတင်ပြထားခြင်းကြောင့် ၎င်းက “နည်းတဲ့အချက်တွေ မဟုတ်ဘူး။ ဒါတွေကိုကြည့်လိုက်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လောက်အန္တရာယ်ရှိလာလဲ မြင်ရမှာပေါ့”ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ထောက်ခံပွဲပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် ကန့်ကွက်သည့်ပွဲကို ပြုလုပ်နေသဖြင့် ၎င်းတို့နှစ်ဖွဲ့တွင် အကြောင်းအရာကိုယ်စီ ရှိနေသောကြောင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုကို လှုပ်ခတ်စေသောကြောင့် တိုင်းပြည်အတွက် ဂရုတစိုက်ဆောင်ရွက်သင့်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက The Voice သို့ ပြောကြားသည်။

“တည်ငြိမ်အေးချမ်းမှု လိုအပ်နေတဲ့တိုင်းပြည်မှာ အနည်းနဲ့အများ လှုပ်ခတ်မှုရှိစေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ၎င်းက ဆိုသည်။

ပြင်ဆင်ချက်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အမည်စာရင်းတောင်းထားပြီဖြစ်သော်လည်း ပါဝင်ဆွေးနွေးခြင်း ရှိ မရှိကို လတ်တလောတွင် ဆုံးဖြတ်ထားမှုမရှိသေးကြောင်း၊ အဆိုပါပြင်ဆင်ရေးအတွက် ဦးအောင်ကြည်ညွှန့်က အဆိုတင်သွင်းစဉ်ကပင် ဥပဒေနှင့်မညီကြောင်း တပ်မတော်က ကန့်ကွက်ထားပြီး ဇူလိုင် ၁၅ ရက်ကတင်ထားသည့် အစီရင်ခံစာတွင်လည်း တပ်မတော်က သဘောမတူသည့် သဘောထားကိုပူးတွဲ ထည့်သွင်းထားသည်။

ပြင်ဆင်ရေးအတွက် လွှတ်တော်တွင် လက်ရှိလုပ်ဆောင်နေသည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်မောင်မောင်က “ဖွင့်ပေးလိုက်တဲ့အခါမှာ အားလုံးမြင်တဲ့ အတိုင်းပဲ ၃၇၆၅ ပေါ့”ဟု ဆိုသည်။

ပြင်ဆင်ရန်တင်ပြသည့် အချက်ပေါင်း ၃၇၆၅ ချက်သည် များပြားလွန်းသောကြောင့် အချိန်များစွာယူ၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ဥပဒေတစ်ခုလုံးကို ဖျက်လိုက်သည့်သဘောဖြစ်သောကြောင့် မဖြစ်သင့်သည့်လုပ်ရပ်ဖြစ်ပြီး ပြင်သင့်ပြင်ထိုက်သည့်အချက်ကို ညှိနှိုင်းလုပ်ဆောင်သွားရန်လိုကြောင်း ကြံ့ခိုင်ရေးပါတီဝင် ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက ပြောသည်။

“တိုင်းပြည်ရဲ့တည်ဆောက်မှုကြီးဟာ တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တယ်။ ဥပဒေရဲ့အနှစ်သာရတွေ ဖျက်ထားတော့ ပျက်စီးသွားတဲ့သဘောပဲဖြစ်တယ်။ ဒါကိုတော့ လက်ခံလို့မရဘူး။ လူထုကမသိဘူးလေ။ အေး အဲ့တော့ အန္တရာယ်ရှိတယ်လို့ပဲ ပြောချင်တယ်”ဟု ၎င်းကဆိုသည်။

ဥပဒေကို ဖျက်လိုက်သည့်သဘော ဖြစ်သောကြောင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍများသည် လွှဲချော်သည့်အခြေအနေများ ဖြစ်လာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“ဆောက်ထားတဲ့ အိမ်တစ်လုံးကို အမိုးပြိုရင် အမိုးပြင်၊ တံခါးပျက်ရင်ပြင် လက်ခံတယ်။ အမိုးရော အကာရော တစ်အိမ်လုံးကိုပြင်မယ်ဆိုရင် ဒီအိမ်တစ်လုံးကို ဖျက်လိုက်တာနဲ့ အတူတူပဲ။ ဟိုလူက အုတ်နဲ့ဆောက်ချင်တယ်။ ဒီလူက သံနဲ့ ဆောက်ချင်တယ်ဆိုတဲ့ မတူညီတဲ့ အငြင်းပွားမှုပြဿနာက အကောင်းဘက်ကို သိပ်မမြင်ဘူးလို့ ပြောတာလေ”ဟု ဦးသောင်းအေးက မှတ်ချက်ပြုသည်။

အခြေအနေအရ တည်ငြိမ်မှုမရှိဘဲ ယိုယွင်းလာပါက တပ်မတော်အနေဖြင့် အာဏာသိမ်းသည့်လမ်းကို သွားနိုင်ပြီးဖြစ်ခြင်း မဖြစ်ခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ အာဏာသိမ်းသည့်ကိစ္စသည် ဖြစ်မည်၊ မဖြစ်မည်ကို ပြော၍မရသည့် အခြေအနေဖြစ်ပြီး တာဝန်ရှိသူများသည် အချိန်မီ ထိန်းသိမ်းပြင်ဆင်ပါက ဖြစ်စရာအကြောင်းမရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ဇွတ် စွတ်လုပ်နေရင်တော့ တပ်မတော်တင်မဟုတ်ဘူးလေ ကျန်တဲ့ပြည်သူတွေကပါ ခုလည်းမြင်တဲ့ကြားတဲ့အတိုင်းပဲလေ၊ အခြေခံဥပဒေကို ပြင်တာတော့ လက်ခံကြတယ်၊ သို့သော်လည်း ဥပဒေနဲ့အညီ ပြင်စေချင်တဲ့သူက များတယ်။ ခုလို ကိုယ်ထင်တာကိုယ်လုပ်ပြီး ကိုယ်ပြင်ချင်သလို ပြင်မယ်ဆိုရင် အများကလက်မခံဘူးလေ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြဿနာများ တက်လာနိုင်သည့် အခြေအနေရှိသော်လည်း တပ်မတော်အနေဖြင့် တိုင်းပြည်၏ တောင်းဆိုချက်ရှိလာမှသာ လုပ်ဆောင်မည့် အခြေအနေရှိကြောင်း၊ သမိုင်းအစဉ်အလာအရ ဖြစ်လေ့ ဖြစ်ထရှိသည့်သဘောရှိခဲ့သောကြောင့် မိမိတို့အနေဖြင့် ယင်းကဲ့သို့ (အာဏာပြန်သိမ်းသည့်အခြေအနေ) အခြေအနေကိုဖြစ်မလာစေရန် ထောက်ပြ အကြံပေး ဆွေးနွေးမည်ဖြစ်ကြောင်း ဦးသောင်းအေးက ထပ်လောင်းပြောသည်။

လက်ရှိလွှတ်တော်တွင်း ပြင်ဆင်ရေးလုပ်ဆောင်ချက်သည် အခြေခံဥပဒေကို ပြင်ဆင်သည်ဟုမမြင်ဘဲ အသစ်ရေးဆွဲနေသည်ဟုသာမြင်ကြောင်း ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က မီဒီယာများကို မှတ်ချက်ပြုပြောဆိုထားသည်။

ယင်းကဲ့သို့ သုံးသပ်ပြောဆိုမှုများ နှင့်ပတ်သက်၍ လွှတ်တော်အတွင်း အခြေခံဥပဒေကို ပြင်ဆင်ရန် ဦးဆောင်ကြိုးစားနေသည့် NLD ပါတီမှ ဦးအောင်ကြည်ညွှန့်နှင့် ဒေါက်တာမြတ်ဉာဏစိုးတို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရရှိခဲ့ပေ။

S-01