News

POST TYPE

LATEST NEWS POST

စစ်ကိုင်း ကောင်းမှုတော်ဘုရား သုံးဖက်မြင် မြေပုံထုတ်မည်
15-Jul-2019

မန္တလေး၊ ဇူလိုင် ၁၅

စစ်ကိုင်းမြို့ရှိ၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအပါအဝင် ဘုရားကြီးပရိဝုဏ်ကို သုံးဖက်မြင်မြေပုံထုတ်နိုင်ရန် စီစဉ်နေကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မြေပုံထုတ်နိုင်ရန် မြေစာရင်းနှင့်ညှိနှိုင်းနေပြီး လက်ရှိတွင် ကျူးကျော်မှုများရှိနေသဖြင့် ဖယ်ရှားမှုများပြုလုပ်နေရကြောင်း၊ အငြင်းပွားဖွယ်ရာများ မဖြစ်စေရန်ပြုလုပ်ရခြင်းဖြစ်ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

“သာလွန်မင်းတရားကြီးလှူထားခဲ့တဲ့ကျောက်စာတိုင်ရှိတယ်။ ဒါကိုမှ မင်းတုန်းမင်းကြီးက ထပ်ပြီးလှူထားတာတွေရှိတယ်။ ဒါတွေကို အင်္ဂလိပ်လက်ထက် မြေစာရင်းကထည့်မထားခဲ့ဘူး။ အခုကတော့ ဒါတွေကိုပြန်ထည့်မယ်”ဟု ယင်းဂေါပကအဖွဲ့မှ ဦးတင်မျိုးလွင်က ပြောဆိုသည်။

ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိသုဓမ္မရာဇာ မဟာဓိပတိသာလွန်မင်း တရားကြီးက စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင်ပြီးစီးခဲ့သည်။

လက်ရှိတွင် ကောင်းမှုတော်ဘုရား ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း ပြောင်းလဲကပ်လှူခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ပြုလုပ်လျက်ရှိသည်။

သုံးဖက်မြင်မြေပုံထုတ်လိုက်ခြင်းဖြင့် ဘုရားပရိဝုဏ်သတ်သတ်မှတ်မှတ်ရှိသွားခြင်း၊ မြေပုံကြည့်၍ မည်သည့်နေရာတွင် ဘာလုပ်နိုင်မည်ကို သိရှိနိုင်လာခြင်း၊ ဘုရားပရိဝုဏ်စီမံခန့်ခွဲရေးကိစ္စရပ်များကို လွယ်လင့်တကူ လုပ်ဆောင်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

M-05