News

POST TYPE

LATEST NEWS POST

နေရပ်စွန့်ခွာသူ ၃၄၀၀ ကျော်စာရင်း စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထပ်ပို့ထား
15-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၅

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများကို ပြန်လက်ခံရေး အစီအစဉ်အတွက် သတ္တမအသုတ်အဖြစ် နေရပ်စွန့်ခွာသူ ၃၄၅၀ ဦးစာရင်းကိုစိစစ်ကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်လည်ပေးပို့ထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဒါကာ၌ပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်စွန့်ခွာသူ နှစ်သောင်းနှစ်ထောင်ကျော် စာရင်းကိုပေးအပ်ခဲ့သည်။

အဆိုပါ စာရင်းအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေနှင့် အသုတ်လိုက်ခွဲကာ စိစစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကျေးရွာအလိုက် သတ္တမအသုတ်ထိ စိစစ်ထားပြီးဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့ထားသည့်လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်စာရင်းကို ၂၀၁၉ ဇူလိုင်လ ၁၀ ရက်နေ့ထိ စိစစ်ချက်အရ ၁၈,၆၂၉ ဦးကို စိစစ်မှုဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံနေသည့် ဒုက္ခသည်မွတ်စလင်များကို ပြန်လည်နေရာချထားရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီဒုက္ခသည်များကို မြန်မာအစိုးရအနေနှင့် ပြန်လည်လက်ခံရန် လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့အနေနှင့် ဝင်ရောက်လာခြင်းမရှိကြသဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပျက်ခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံ ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ရပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများရှိခဲ့သည်။

J-08