News

POST TYPE

LATEST NEWS POST

သရုပ်ဆောင် မြင့်မြတ်နာမည်သုံး၍ မိဘမဲ့ကျောင်း ဆရာတော်ထံ ငွေ ၈ သိန်းခန့် လိမ်လည်
15-Jul-2019
တိုက်ကြီး၊ ဇူလိုင် ၁၅

ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင် မိဘမဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆရာတော်ထံမှ ငွေကျပ် ၈ သိန်းခန့်ကို သရုပ်ဆောင်မြင့်မြတ်နာမည်သုံး၍ လှိုင်သာယာမြို့နယ်မှလူတစ်ဦးက ဇူလိုင် ၁၁ ရက်၊ မွန်းလွဲပိုင်းတွင် လိမ်လည်သွားကြောင်း ယင်းဘကကျောင်းထံမှ သိရှိရသည်။

မြင့်မြတ်ဆိုသူက ဇူလိုင် ၁၁ ရက်တွင် ဖုန်းဆက်ပြီး ကျောင်းသို့ ဆန်အိတ်လာလှူမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မကြာမီတွင် ၎င်းက ပြင်ဦးလွင်တွင် ဇာတ်ကားရိုက်နေစဉ် ကားသမားဖြင့် ဆန်အိတ်ပို့လှူခိုင်းထားပြီး လမ်းတွင် ကားလေးကျိုးသဖြင့် ငွေနှစ်သိန်းခွဲကျော် ကားသမားကို ခေတ္တစိုက်ပေးထားရန် ပြောဆိုသဖြင့် ငွေလွှဲပေးခဲ့ကြောင်း ဆရာတော် ဦးသုမနက မိန့်ကြားသည်။

ထို့နောက် မြင့်မြတ်ဆိုသူက မအေးသောင်း၊ ပုလဲဝင်းတို့နှင့် ဘုန်းကြီးကျောင်းသို့လာရောက်၍ ကလေးများအတွက် လာရောက်သီချင်းဆိုဖျော်ဖြေပေးမည်ဖြစ်ကြောင်း ပြောဆိုပြီး ငွေကျပ် ၅ သိန်း ထပ်မံလွှဲခိုင်း၍ ထပ်မံလွှဲပေးခဲ့ကြောင်း ဆရာတော်က ထပ်မံပြောဆိုသည်။

ဆရာတော်ကို ငွေပြန်ပေးရန် ပြင်ဦးလွင်တွင်ချိန်းဆိုသဖြင့် ချိန်းဆိုသည့် ကန်တော်ကြီးတွင်စောင့်ဆိုင်းခဲ့ရာ လာရောက်ခြင်းမရှိ၍ ငွေလွှဲခဲ့သည့်ဆိုင်သို့ မေးမြန်းကြည့်ရာ ရန်ကုန်မြို့ လှိုင်သာယာအမှတ် ၂ ရပ်၊ ပီမိုးနင်းလမ်း၊ ရွှေယမင်းစတိုးဆိုင်ရှိ Wave Money ကိုယ်စားလှယ်ထံမှ အမည်မသိလူတစ်ဦးက လာရောက်ထုတ်ယူသွားခြင်းဖြစ်ကြောင်း ဆရာတော်က ပြောဆိုသည်။

ယင်းသို့သိရှိရ၍ သရုပ်ဆောင် မြင့်မြတ်၏ ဖုန်းနံပတ်သို့ ဆက်သွယ်မေးမြန်းကြည့်ရာ မဟုတ်ကြောင်းသိရှိရပြီး အခြားလူတစ်ဦးက ယုံကြည်အောင်ပြောဆို၍ လိမ်လည်ရယူသွားခြင်းဖြစ်သဖြင့် ပြည်မြို့ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဆရာတော်က ပြောဆိုသည်။

ဆရာတော်၏ မိဘမဲ့ကျောင်းတွင် မူလတန်းကျောင်းသား ၂၀၀ ကျော်၊ မူလွန်ကျောင်းသား ၇၀ ခန့်၊ ဆရာ၊ ဆရာမ ၁၃ ဦးနှင့် နိုစို့ကလေး ၁၀ ဦးခန့်ကို ပညာသင်၊ စောင့်ရှောက်ထားကြောင်း အဆိုပါ မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထံမှ သိရှိရသည်။

R-19


  • VIA