News

POST TYPE

LATEST NEWS POST

သာစည်မြို့နယ်တွင် အမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံး
12-Jul-2019

မိတ္ထီလာ၊ ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကွမ်းခြံရိုးကျေးရွာတွင် ဇူလိုင်လ (၁၁) ရက်နေ့ ညနေပိုင်းက အမျိုးသမီးတစ်ဦးသည် လည်ပင်းတွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဇူလိုင်လ (၁၁) ရက် နံနက် (၇) နာရီခန့်က သာစည်မြို့နယ် ကွမ်းခြံရိုးကျေးရွာနေ မသက်သက်ဦး (၄၀) နှစ်သည် နေအိမ်တွင်ရှိနေစဉ် မိခင်ဖြစ်သူ ဒေါ်ရွှေမြင့် (၆၄) နှစ်မှာ ကျေးရွာမြောက်ဘက် တစ်ဖာလုံခန့်အကွာရှိ ပြောင်းဖူးခင်းသို့အလုပ် လုပ်သွားမည်ဟု ပြောဆိုထွက်သွားခဲ့ပြီး ညနေပိုင်းတွင် လည်ဇလုတ်တွင် ပြတ်ရှဒဏ်ရာ၊ လည်ပင်းယာဘက်ဘေးတွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

မိခင်ဖြစ်သူ ဒေါ်ရွှေမြင့်အား ဒဏ်ရာများရရှိ အသက်သေဆုံးသည်အထိ ပြုလုပ်ခဲ့သူ အမည်မသိ (စုံစမ်းဆဲ) အား အရေးယူပေးရန် မသက်သက်ဦး၏ တိုင်တန်းချက်အရ သာစည်မြို့မရဲစခန်းက (ပ) ၂၆၀/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

R-01