News

POST TYPE

LATEST NEWS POST

ခရီးသည်နှင့်အတူ KTV အခန်းထဲ ဝင်ထိုင်သည့် အငှားယာဉ်မောင်း ကားခိုးခံရ
12-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၁

ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ KTV ဆိုင်တစ်ဆိုင်တွင် ယာဉ်ငှားရမ်းလာသူ ခရီးသည် အမျိုးသားနှင့်အတူ ကာရာအိုကေ အခန်းထဲ လိုက်ထိုင်သည့် အငှားယာဉ်မောင်းမှာ ၎င်းမောင်းနှင်နေသော ဖီဒါ အငှားယာဉ် ခိုးယူခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ကားခိုးခံရသည့် အငှားယာဉ်မောင်း အမျိုးသားမှာ ဇူလိုင် ၉ ရက် ညပိုင်းက တာမွေအဝိုင်း မီးပွိုင့်အနီးတွင် ၎င်းအငှားယာဉ်အား အချိန်ငါးနာရီကြာ ငှားရမ်းသည့် ခရီးသည်အမျိုးသားကို ကျောက်မြောင်းဈေးဘက်သို့ လိုက်ပို့ခဲ့သည်။

“ကားငှားသူက ကလပ်သွားမယ် ပြောတယ်။ ပြီးတော့ ကျောက်မြောင်းဘက်က မိန်းကလေး နှစ်ယောက်ကို သွားခေါ်တယ်။ ကျိုက္ကဆံလမ်းမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ကားငှားလာတဲ့ လူငယ်က မိန်းကလေးနှစ်ယောက်နဲ့ အချိန် နှစ်နာရီလောက် တည်းခဲ့တယ်။ အဲဒီအချိန်မှာ ကားသမားက ကားထဲမှာပဲ စောင့်နေတာပေါ့။ ပြီးတော့ ဟိုတယ်ကနေ မိန်းကလေး နှစ်ယောက်နဲ့အတူ ပြန်ထွက်လာတဲ့ လူငယ်က ကေတီဗီဆိုင် ထပ်သွားတယ်။ ဆိုင်ရောက်တော့ ကားသမားပါ ကာရာအိုကေအခန်းထဲ လိုက်ခဲ့ဖို့ပြောတော့ ယာဉ်မောင်းက လိုက်သွားရာက ကားခိုးခံရတာ။ တရားခံကို ဖမ်းမိထားပါပြီ”ဟု ရဲအရာရှိက ရှင်းပြသည်။ 

ခရီးသည် အမျိုးသားနှင့်အတူ KTV အခန်းထဲ အတူဝင်ထိုင်ခဲ့သည့် ယာဉ်မောင်းမှာ ယင်းအမျိုးသားက အခန်းထဲမှ အပြင်သို့ ဝင်လိုက်ထွက်လိုက်ဖြင့် ဖုန်းပြောဆိုနေရာမှာ မိနစ် ၂၀ ခန့်အကြာထိ အခန်းထဲ ပြန်မရောက်လာသဖြင့် အခန်းထဲရှိ စားပွဲခုံပေါ် တင်ထားသော ကားသော့ကို ကြည့်ရာ မတွေ့ရှိသဖြင့် ယာဉ်ရပ်နားထားသည့် နေရာသို့ သွားကြည့်ရာမှ ဖီဒါ အငှားယာဉ်မှာ ပျောက်ဆုံးနေကြောင်း သိရှိရပြီး ဝမ်းနိုင်းနိုင်းထံ ဖုန်းဆက်တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့က ပျောက်ဆုံးသွားသည့် ဖီဒါအငှားယာဉ်ကို ရှာဖွေရာ ကမာရွတ်မြို့နယ်၊ ရတနာလမ်းဘေးတွင် ရပ်ထားသည့် အငှားယာဉ်ကို အချိန်ပိုင်းအတွင်း ပြန်ရှာတွေ့ခဲ့ပြီးနောက် ကားခိုးမှု ကျူးလွန်သူ၏ မှတ်တမ်းဓာတ်ပုံကို ၎င်း တည်းခိုသွားသည့် ဟိုတယ်ရှိ cctv မှတ်တမ်းမှ ရရှိခဲ့သဖြင့် ဇူလိုင် ၁၁ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့သည်။

ကားခိုးမှု ကျူးလွန်သူမှာ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်တွင် နေထိုင်သော မောင်မောင်အေးမင်း (ခ) ကျော်ကျော် (၂၉) နှစ်ဖြစ်ပြီး ၎င်းကို ဗဟန်းမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၉ (ကား) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03