News

POST TYPE

LATEST NEWS POST

ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၁၀၀ ကျော် နယ်စပ်ဘူတာရုံသို့ ပြန်ရောက်လာ
27-Jun-2019



တက်ဆပ်စ်၊ ဇွန် ၂၆

ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၁၀၀ ကျော်သည် ရွှေ့ပြောင်းပြီး တစ်ရက်အကြာမှာပင် တက်ဆပ်စ် နယ်စပ်ဘူတာရုံသို့ ပြန်ရောက်လာခဲ့ကြသည်ဟု အမေရိကန် နယ်စပ်လုံခြုံရေး တာဝန်ရှိသူများက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တရားသူကြီး၏ ခွင့်ပြုချက်ဖြင့် သွားရောက်ခွင့်ရခဲ့သော ရှေ့နေများက ကလေးများသည် အလွန်အမင်း လျစ်လျူရှုခံထားရသည်ဟု ပြောကြားခဲ့ပြီးနောက် လူပြည့်ညပ်နေသော ထိန်းသိမ်းရေးစခန်းမှ ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၂၅၀ ခန့်ကို ရွှေ့ပေးခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် နယ်စပ်လုံခြုံရေး အကြီးတန်းတာဝန်ရှိသူက ရာထူးမှ နုတ်ထွက်ပေးမည်ဟု ပြောကြားလိုက်သည်။

မေလအတွင်းက နယ်စပ်တွင် တရားမဝင်ဖြတ်ကူးလာသူများ ဖမ်းဆီးမှုအရေအတွက်သည် ၂၀၀၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေးဌာနက ယာယီတာဝန်ခံ မဟာမင်းကြီး ဂျွန်ဆန်းဒါး ဇူလိုင်လ ၅ ရက်တွင် ရာထူးက နုတ်ထွက်တော့မည်ဟု အတည်ပြုပြောကြားသည်။

သမ္မတထရမ့်က ထိုနေရာတွင် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး မတ်ခ်မော်ဂန်ကို အစားထိုးခန့်အပ်ရန် စီစဉ်နေသည်။

ကလေး ၁၀၀ ကျော်သည် လူပြည့်နေသော ထိန်းသိမ်းရေးစခန်းမှ ရွှေ့ပြောင်းပြီးနောက် ပြန်ရောက်လာခဲ့ကြသည်ဟု နယူးယောက်တိုင်းမ်က ရေးသားထားသည်။

အယ်လ်ပါဆို အပြင်ဘက် ကလင့် အရပ်တွင်ရှိသော စခန်းသို့ သွားရောက်ကြည့်ရှုခဲ့သော ရှေ့နေ ဝါရင်းဘင်ဖို့ဒ်က ကလေးများသည် အလယ်ကောင်တွင် ဟာလာဟင်းလင်း အိမ်သာထားရှိသည့် အခန်းထဲ၌ တစ်နေရာတည်းတွင် စားကြ၊ အိပ်ကြရသည်ဟု ပြောကြားသည်။

စခန်းသို့ သွားကြည့်ခဲ့သော အခြားရှေ့နေတစ်ဦးဖြစ်သည့် မူခါဂျီကလည်း “ကလေးတွေက နယ်စပ်ကို ဖြတ်လာခဲ့တုန်းက ဝတ်လာကြတဲ့ ညစ်တီးညစ်ပတ် အဝတ်အစားတွေနဲ့ပဲ အဝတ်တစ်ထည် ကိုယ်တစ်ခု နေထိုင်နေကြရတယ်”ဟု ပြောကြားသည်။

နယ်စပ်လုံခြုံရေးဌာနကလည်း ကလင့် ထိန်းသိမ်းရေးစခန်းသည် ဖွင့်လှစ်ထားရန် မသင့်တော်သည့် အခြေအနေတွင် ရှိနေသည်ဟု မှတ်ချက်ပေးထားသည်။ ဌာနအကြီးအကဲများက အကြိမ်ကြိမ် တင်ပြထားသည့်အတိုင်း အဆိုပါ ယာယီစခန်းများသည် ဘေးသင့်နိုင်ခြေရှိသောသူများကို စောင့်ရှောက်ထားရန် မသင့်လျော်သည့်အပြင် မနိုင်မနင်းအခြေအနေကို ကိုင်တွယ်ရန်အတွက် နောက်ဆက်တွဲ လူသား ချင်းစာနာမှုရန်ပုံငွေကို အရေးပေါ် လိုအပ်နေသည်ဟု ဌာနကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နေရာရလျှင်ရသလို ပိုမိုသင့်လျော်သည့် စခန်းများသို့ ကလေးများကို ရွှေ့ပြောင်းပေးလျက်ရှိသည်ဟု ဌာနက ပြောကြားသည်။

အောက်လွှတ်တော် ဒီမိုကရက် အမတ်များက နယ်စပ်အတွက် အရေးပေါ် ကယ်ဆယ်ရေးရန်ပုံငွေ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကို အင်္ဂါနေ့တွင် မဲခွဲရန် အဆိုပြုထားသော်လည်း အချို့အမတ်များက နယ်စပ်လုံခြုံရေးဌာန၏ ထင်ရာလုပ်နေသော လုပ်ငန်းများအတွက် နောက်ထပ် ရန်ပုံငွေ မပေးနိုင်ကြောင်း ကန့်ကွက်ခဲ့ကြသည်။

ဒီမိုကရက်အမတ်တစ်ဦးဖြစ်သူ နီတာလိုဝီကမူ ဒီမိုကရက်အမတ်များသည် ထရမ့်ကို အမြင်ကတ်သည့် အကြောင်းရင်းကြောင့် အကျပ်ရိုက်နေသော နယ်စပ်လုံခြုံရေး ဌာနလုပ်ငန်းများကို ပစ်မထားသင့်ကြောင်း မှတ်ချက်ပေးသည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်ဆီပီလိုစီက အင်္ဂါနေ့တွင် ရန်ပုံငွေအဆိုပြုချက်ကို မဲမခွဲမီ တနင်္လာနေ့တွင် သူမ၏ ဒီမိုကရက် အမတ်အုပ်စုအကြား ဦးစွာ ဆွေးနွေးညှိနှိုင်းကြရန် စီစဉ်ထားသည်။

ဒီမိုကရက်ခေါင်းဆောင်များက နယ်စပ်အတွက် ကယ်ဆယ်ရေးရန်ပုံငွေ ထုတ်ပေးမည့် အဆိုပြုချက်တွင် ထိန်းသိမ်းရေးစခန်းများရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးနှင့် အာဟာရပြည့်ဝရေး စံနှုန်းများသတ်မှတ်ရေးနှင့် အုပ်ထိန်းသူမပါ သော ကလေးများအား စခန်းတွင် သုံးလထက် ပိုမထားရေးတို့ကို စည်းကမ်းချက်အဖြစ် ထည့်သွင်းရန် လိုလားနေကြသည်။အိမ်ဖြူတော်ဘက်ကမူ လုံလောက်မှုမရှိသော ရန်ပုံငွေခွင့်ပြုမှုကို ဗီတိုဖြင့် ပယ်ချမည်ဟု ခြိမ်းခြောက်ထားသည်။ 

F-04