News

POST TYPE

LATEST NEWS POST

ရနောင်းလူသတ်မှုမှ နှစ်ဦးလွတ်မြောက်၊ အသေးစိတ်ကို ဇွန် ၂၈ ရက်တွင် ရှင်းလင်းမည်
27-Jun-2019



ရန်ကုန်၊ ဇွန် ၂၇

အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူ အသတ်ခံရမှုဖြင့် စွပ်စွဲထောင်ဒဏ်ချခံခဲ့ရသည့် မြန်မာရေ လုပ်သားလေးဦးအနက်မှ စိန်ကတုံးနှင့် ဝေလင်းတို့နှစ်ဦး၏ အယူခံအောင်မြင်ခဲ့ကြောင်း ယင်းအမှုကို ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။

ထို့ကြောင့်ယနေ့ (ဇွန်လ ၂၇ ရက်) နံနက်ပိုင်းက ရနောင်းမြို့အကျဉ်းထောင်မှ စိန်ကတုံးနှင့် ဝေလင်းတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ ယင်းကိစ္စအသေးစိတ်နှင့်ပတ်သက်၍ လှိုင်မြို့နယ်၊ သဇင်လမ်းရှိ လှိုင်ရတနာအိမ်ရာ၌ ဇွန်လ ၂၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။



၂၀၁၅ ခုနစ် စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ဖြစ်ပွားခဲ့သော အသက် ၁၈ နှစ်ရှိ ထိုင်းကျောင်းသူတစ်ဦး သေဆုံးမှု၌ မြန်မာရေလုပ်သား စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့က ဓားဖြင့် ၁၇ ချက် ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ယင်းနှစ် အောက်တိုဘာလ ၂၀ ရက်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုနှင့် လိမ်လည်ထွက်ဆိုမှုတို့ဖြင့် ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သည်။

ထို့နောက်ထိုင်းတရားသူကြီးက ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၉ ရက်တွင် အမိန့်များ အသီးသီးချမှတ်ခဲ့ရာတွင် အမြင့်ဆုံး ပြစ်ဒဏ်ထောင်ဒဏ် ရှစ်နှစ်ချမှတ်ပြီး ဒဏ်ငွေဘတ် ၁၆ သိန်းကျော် (ကျပ်သိန်း ၇၀၀ ခန့်) ချမှတ်ခဲ့သည်။ ဖမ်းဆီးခံလေးဦးတွင် အသက်မပြည့်သေးသည့် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ကို သီးခြားအမိန့်ချမှတ်ခဲ့ပြီး စိန်ကတုံးနှင့် ဝေလင်းကို ထိုင်းတရားသူကြီးက သီးခြားအမိန့်ချမှတ်ခဲ့သည်။

ထိုင်းတရားသူကြီးက ချုပ်ရက်များ ခံစားခွင့်ပြုခဲ့၍ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည့် ကျော်စိုးဝင်းမှာ အမိန့်ချသည့်နေ့တွင်ပင် လွတ်မြောက်ခဲ့သည်။

ထို့ပြင်ထိုင်းနိုင်ငံဥပဒေအရ အသက်မပြည့်သေးသူ ထောင်ချခံရပါက အသက် (၁၈) နှစ်ပြည့်ပါက လွတ်မြောက်ခွင့်ရှိသည့်အတွက် ထောင်လေးနှစ်ချမှတ်ခံရသည့် မိုးဇင်အောင်သည် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် (၁၈) နှစ်ပြည့်ခဲ့၍ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြန်လွှတ်မြောက်ခဲ့သည်။

ယင်းအမှုတွင် မြန်မာလုပ်သားလေးဦး၏ အလုပ်ရှင် ထိုင်းသူဌေးက စွပ်စွဲခံလုပ်သား လေးဦးသည် အခင်းဖြစ်ပွားချိန်၌ လုပ်ငန်းခွင်တွင်ရှိနေသည်ဟု ထွက်ဆိုခဲ့ပြီး စွပ်စွဲခံမြန်မာလုပ်သားလေးဦးကလည်း လူသတ်မှုကျူးလွန်ခြင်းမရှိကြောင်း တရားရုံး၌ ငြင်းဆိုခဲ့ကြသော်လည်း ပြစ်ဒဏ်များချမှတ်ခံခဲ့ရခြင်းဖြစ်သည်။