News

POST TYPE

LATEST NEWS POST

ပြည်သူ့ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ တွေ့ဆုံ
25-Jun-2019


မော်လမြိုင်၊ ဇွန် ၂၅

ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီနှင့် ၈၈ ကျောင်းသားခေါင်းဆောင်းဖြစ်သည့် ဦးကိုကိုကြီးတို့ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီတို့ ဇွန်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်၊ မြိုင်သာယာရပ်ကွက်ရှိ မွန်ညီညွတ်ရေးပါတီ၏ ဗဟိုရုံးချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

“ကျွန်တော်တို့ အဓိက တွေ့ကြတာက လုပ်ငန်းပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးဖို့ထက် ပြည်သူ့ပါတီက တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဆက်ပြီးဆက်ဆံရေးထူးထောင်တဲ့ တွေ့ဆုံပွဲ အဆင့်ပဲရှိပါတယ်၊ နှစ်ဖက်တွေ့ဆုံပြီး သဘောတူညီချက်ထုတ်တဲ့ တွေ့ဆုံပွဲ အဆင့်မဟုတ်ဘူး၊ နှစ်ဖက်ပါတီရဲ့ ထားရှိတဲ့ နိုင်ငံရေးသဘောထားတွေကို အမြင်ချင်းဖလှယ်ကြတာပါပဲ”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၁ နိုင်လယီတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီနှင့် ပြည်သူပါတီတို့ တွေ့ဆုံခြင်းသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေးခဲ့ခြင်းမရှိသော်လည်း၊ လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ အားကောင်းစေရေးအတွက် ပြည်သူ့ပါတီအနေနှင့် လိုလားကြောင်း နိုင်လယီတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံရခြင်းနှင့်ပတ်သက်၍ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက“ ဒီလိုမွန်ပါတီတွေ ပြန်စုစည်းပြီးတော့ ဒီလိုမျိုး မွန်ညီညွတ်ရေးပါတီအနေနဲ့ တည်ထောင်နိုင်တာကို ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူတယ်၊ ဝမ်းသာတယ်၊ ဒါက အဓိက လာတွေ့ရတဲ့ ရည်ရွယ်ချက်ပါ”ဟု ပြောဆိုခဲ့သည်။

ပြည်သူ့ပါတီ၏ သဘောဆန္ဒမှာ လွှတ်တော်တွင်း တိုင်းရင်းသား နိုင်ငံရေးအင်းအားစုများ အခိုင်အမာရရှိရန်လိုအပ်ပြီး နိုင်ငံရေးဆန္ဒများ၊ ဦးတည်ချက်များကို နိုင်ငံရေးနည်းလမ်းဖြစ် တစ်ဖက်တစ်လမ်းမှ ကြိုးစားနိုင်သည့် မျှော်လင့်ချက် ယုံကြည်ချက် ရှိလာသည်နှင့်အမျှ လက်နက်ကိုင် ပဋိပက္ခများကိုပါ လျှော့ချနိုင်မည်ဖြစ်သည့်အပြင် အထူးသဖြင့် မွန်ပြည်နယ်တွင် မွန်တိုင်းရင်းသားပါတီ၏ အခန်းကဏ္ဍ ခိုင်ခိုင်မာမာဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။

R-21