News

POST TYPE

LATEST NEWS POST

ကိုကျော်ဇင်ဝင်းအဆုံးစီရင်မှုအတွက် MIU က စုံးစမ်းစစ်ဆေးပြီး တရားဝင်ထုတ်ပြန်ပေးမည်
25-Jun-2019

ရန်ကုန်၊ ဇွန် ၂၅

လူမှုကွန်ယက်တွင် ပျံ့နှံနေသည့် လိင်စိတ်ကွဲပြားမှုကြောင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရပြီး အဆုံးစီရင်သွားခဲ့သော ကိုကျော်ဇင်ဝင်းအတွက် ၄င်းအလုပ်လုပ်ကိုင်ခဲ့သော MIU(Myanmar Imperial University) က စုံးစမ်းပြီး တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းကျောင်းမန်နေဂျာတစ်ဦးဖြစ်သူ ကိုချမ်းငြိမ်းအောင်က The Voice daily သို့ ပြောကြားသည်။

“အဖြစ်မှန် သိရဖို့ စုံစမ်းစစ်ဆေးနေပါပြီ။ ဒါကြောင့် ရှေ့ဆက်လုပ်ဆောင်မယ့်ဟာတော့ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာပဲ ကျောင်းကနေ တရားဝင်ထုတ်ပြန်ပေးမှာပါ”ဟု ၄င်းက ဆိုသည်။

ကိုကျော်ဇင်ဝင်းသည် MIU တွင် စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့ပြီး လိင်စိတ်ကွဲပြားမှုအပေါ် အမျိုးသမီးတစ်ဦး မန်နေဂျာအပါအဝင် ဝန်ထမ်းတစ်ချို့က ခွဲခြားဆက်ဆံ ခံရပြီးနောက် ဇွန်လ ၂၂ ရက်နေ့တွင် ဆေးများသောက်ကာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပြီး ဇွန်လ၂၃ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါ အဆုံစီရင်မှုနှင့်ပတ်သက်ပြီး MIU တည်ထောင်သူတစ်ဦးဖြစ်သူ ဒေါ်ပို့ပို့ကြည်ကလည်း ခေါင်းဆောင် တစ်ယောက်အနေဖြင့် တာဝန်ယူဖြေရှင်းမည်ဖြစ်ကြောင်းကို MIU ဖေ့ဘုတ်ပေ့ခ်ျတွင် ရေးသားထားသည်။

ကိုကျော်ဇင်ဝင်းသည် မန်နေဂျာအမျိုးသမီးတစ်ဦးက လုပ်ငန်းခွင်အတွင်း လိင်စိတ်ကွဲပြားမှုအပေါ် အတင်းဝန်ခံခိုင်းခြင်းနှင့် ဝန်ထမ်းများအကြား ခွဲခြားဆက်ဆံခြင်းတို့ကို ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အဆုံး မစီရင်မီ တင်ထားသည်ကို တွေ့ရသည်။

ကိုကျော်ဇင်ဝင်းကို ခွဲခြားဆက်ဆံခဲ့သည်ဟု စွပ်စွဲနေကြသော မန်နေဂျာအမျိုးသမီးဖြစ်သူ မမြအိမ်သူထံ The Voice Daily အနေဖြင့် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

လိင်စိတ်ကွဲပြားမှုအပေါ် ကိုကျော်ဇင်ဝင်းကို ခွဲခြားဆက်ဆံခြင်းသည် လုပ်ငန်းအတွင်း စီမံခန့်ခွဲမှု ပြသာနာ မဟုတ်သကဲ့သို့ စည်းကမ်းဖောက်ဖျက်ခြင်း မဟုတ်သောကြောင့် ယင်းကိစ္စသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အနိုင်ကျင့်ခွဲခြားမှုနှင့် လူကျင့်ဝတ်ဖောက်ဖျက်မှုဟု ယူဆကြောင်း ၄င်း၏ သူငယ်ချင်းဖြစ်သူ ကိုကျော်လင်းအောင်က မှတ်ချက်ပေးသည်။

“ဂျစ်တူး (ကိုကျော်ဇင်ဝင်း) သေသွားတာ အလကားမဖြစ်စေချင်ဘူး။ သူလိုလူတွေ တစ်ခြားလုပ်ငန်းခွင်တွေမှာလည်း ရှိနေမှာပဲ။ သူ့ကြောင့် လူဘောင်အဖွဲ့အစည်းက အမြင်တွေ ပြောင်းလဲသွားချင်တယ်”ဟုလည်း ၄င်းက ဆိုသည်။

ကိုကျော်ဇင်ဝင်း၏ မိသားစုဝင်များကမူ နားရေးကိစ္စပြီးဆုံးသွားသည်နှင့် ဥပဒေကျွမ်းကျင်သူများဖြင့် တိုင်ပင်ဆွေးနွေးသွာမည် ဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ၄င်းက ပြောကြားသည်။

အဆိုပါ သေဆုံးမှုသည် လူမှုကွန်ယက်တွင် ပျံ့နှံကာ ဝေဖန်မှုများမြင့်တက်နေပြီး MIU (Myanmar Imperial University) ၏ လူမှုကွန်ယက်ပေ့တွင် ဝမ်းနည်းကြောင်း ရေးသားထားသည့် သဝန်လွှာ အောက်တွင်လည်း ခွဲခြားဆက်ဆံမှုအပေါ် အရေးယူပေးရန်နှင့် ဆဲဆိုထားသည့် မှတ်ချက်များကို တွေ့ရသည်။