News

POST TYPE

LATEST NEWS POST

မိုးရာသီ ထားဝယ်ခရီးသွားလုပ်ငန်းအတွက် ကျွန်းအစား ရေတံခွန်ခရီးစဉ်အစားထိုး
25-Jun-2019



ထားဝယ်၊ ဇွန် ၂၅

မိုးရာသီ ထားဝယ်ဒေသခရီးသွားလုပ်ငန်းအတွက် ကျွန်းခရီးစဉ်အစား ရေတံခွန်ခရီးစဉ်များဖြင့် အစားထိုးပို့ဆောင်နေကြောင်း ထားဝယ်ခရီးသွားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

မိုးရာသီတွင် ကျွန်းများသို့ မသွားရောက်နိုင်သဖြင့် ရှင်ကိုးရှင်နှင့် သမိုင်းဝင်ဘုရားများသို့ သွားရာ လမ်းတစ်လျှောက်မှ ရေတံခွန်များ၊ သီးသန့်သွားရသည့် ရေတံခွန်များသို့ ပို့ဆောင်ပေးနေကြောင်း ထားဝယ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။

“ကျွန်းနေရာမှာ ရေတံခွန်တွေ ဝင်လာတယ်ပေါ့၊ ရေတံခွန်ပုံတွေပြပြီး သူတို့သွားချင်တဲ့ရေတံခွန်ရယ် ခရီးသွားမယ့်ရက်ရယ် တွက်ပြီး ပို့ပေးတယ်ပေါ့”ဟု ဒေါ်မိုးမိုးသူက ပြောသည်။



ထားဝယ်-ထီးခီ-ကန်ချနာဘူရီ (ထိုင်း) သို့ သွားရောက်လည်ပတ်ရန် ခရီးသွားများ ဆက်သွယ်မေးမြန်းလာမှုများရှိသော်လည်း ထားဝယ်-ထီးခီးလမ်းမှာ မိုးတွင်း ခရီးသွားရန် အဆင်မပြေသဖြင့် ရှင်ကိုးရှင်နှင့် ရေတံခွန်ခရီးစဉ်ကိုသာ အသားပေး ပို့ဆောင်နေကြောင်း ရွှေနံနက်ခင်း ခရီးသွားလုပ်ငန်းကုမ္ပဏီ၏ မန်နေဂျာ ကိုထွန်းဝင်းက ပြောသည်။

“ထားဝယ်ကို မိုးတွင်း လာလည်နိုင်အောင် ကိုယ့်ထားဝယ်က ရေတံခွန်တွေကို ဖော်ထုတ်မယ်ပေါ့လေ”ဟု ကိုထွန်းဝင်းက ပြောသည်။

ထားဝယ်ခရိုင်ရှိ အချို့ကမ်းခြေများကို နွေရာသီတွင် ကန်းရိုးတန်းခရီးစဉ်အဖြစ် လှေများဖြင့် ပို့ဆောင်ပေးခဲ့သော်လည်း မိုးရာသီတွင်မူ ကမ်းခြေများကို ကားဖြင့် ပို့ဆောင်ပေးလျှက်ရှိကြောင်း ခရီးသွားလုပ်ငန်းအချို့ထံမှ သိရသည်။

Dawei Watch