News

POST TYPE

LATEST NEWS POST

တပ်မတော်ကို နိုင်ငံရေးမှ ထွက်သွားရန် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ တောင်းဆို
25-Jun-2019


ရန်ကုန်၊ ဇွန် ၂၄

တပ်မတော်သည် တိုင်းပြည်တွင် ရှိသင့်သော်လည်း နိုင်ငံရေးလောကတွင် မရှိသင့်သည့်အတွက် နိုင်ငံရေးမှ ထွက်ခွာသွားပေးရန် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များက တောင်းဆိုလိုက်သည်။ 

တပ်မတော်က ပုဒ်မ ၅၀၅၊ ဆက်သွယ်ရေး ပုဒ်မများဖြင့် မြို့နယ် လေးခုတွင် တရားစွဲဆိုခံထားရသော ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ကို ဇွန် ၂၄ ရက်၌ ဗိုလ်တထောင်တရားရုံးတွင် ရုံးထုတ်စဉ် အဖွဲ့ဝင်များက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“တပ်မတော်ဆိုတာ နိုင်ငံမှာ ရှိသင့်တယ်၊ မရှိရဘူးလို့ မပြောဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆိုနေတာက တပ်မတော်ဟာ နိုင်ငံရေးမှာမရှိသင့်ဘူး”ဟု ဒေါင်းမျိုးဆက်သံချပ် အဖွဲ့ဝင် ကိုပိုင်ရဲသူက ပြောကြားသည်။

တပ်မတော်၏ အလုပ်သည်တိုင်း ပြည်ကာကွယ်ရေး အလုပ်ဖြစ်ပြီး နိုင်ငံရေးကို စွတ်ဖက်စရာမလိုကြောင်း နိုင်ငံရေးလုပ်ချင်ပါက ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲ ဝင်သင့်ကြောင်း ၎င်းက ဆိုသည်။ 

သြင်္ကန်ကာလအတွင်း သံချပ်ဖျော်ဖြေနေစဉ် တပ်မတော်ကိုထိခိုက်ပုတ်ခတ်သည့် စကားများကို လူမှုကွန်ရက်စာမျက်နှာမှ တိုက်ရိုက်လွှင့်ခဲ့သည်အတွက် ဒေါင်းတို့ မျိုးဆက်အဖွဲ့မှ ကိုဇေယျလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်နှင့် မကေခိုင်ထွန်းတို့ ၇ ဦးကို တပ်မတော်မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် မြို့နယ်လေးခုတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။ 

ထို့ပြင် မေလ ၂၀ ရက်နေ့ကလည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ရုံးထုတ်လာစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် လာရောက် ဝန်းရံသူများအကြား ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့ပြီး ၈၈ မျိုးဆက်မှ မနီလာသိန်းအပါအဝင် ငါးဦးကို ပုဒ်မလေးခုဖြင့် ဗိုလ်တထောင် ရဲစခန်းက အမှုဖွင့်ထားသေးသည်။ 

အေးချမ်းသူ


  • VIA