News

POST TYPE

LATEST NEWS POST

ရွှေပြည်သာတွင် ရွှေဆွဲကြိုး ဆွဲဖြုတ်လုယူပြေးသူနှစ်ဦးကို ဖမ်းမိ
25-Jun-2019

ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ သံလွင်လမ်းတွင် အမျိုးသမီးတစ်ဦး၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား ဆွဲဖြုတ်လုယူပြီး ဆိုင်ကယ်နှင့်မောင်းနှင်ထွက်ပြေးသည့် လူငယ်အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသည့် အမျိုးသမီးမှာ ဇွန် ၂၃ ရက် ညနေပိုင်းက သံလွင်လမ်းရှိ အပ်ချုပ်ဆိုင်သို့ သမီးဖြစ်သူနှင့်အတူ စက်ဘီးစီးနင်း၍ သွားရောက်စဉ် ဆိုင်ကယ်တစ်စီးက နောက်မှလိုက်လာပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ အမည်မသိ အမျိုးသားက အမျိုးသမီး၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား ဆွဲဖြုတ်လုယူ၍ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

အဆိုပါ လုယက်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအနီးရှိ CCTV မှတ်တမ်းများကို စစ်ဆေးခြင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ အမှုနှင့်ပတ်သက်၍ သံသယရှိသူ နှစ်ဦးမှာ ခန့်ညားအောင် (၁၉) နှစ်နှင့် မင်းခန့်ဇော်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့နေထိုင်ရာ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရပ်ကွက်ရှိ နေအိမ်များသို့ သွားရောက်၍ ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လုယက်မှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရွှေဆွဲကြိုးလုယက်မှု ကျူးလွန်သည့် လူငယ်အမျိုးသားနှစ်ဦးကို ရွှေပြည်သာ မြို့မရဲစခန်းက (ပ) ၂၂၀၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03