News

POST TYPE

LATEST NEWS POST

မုံရွာ-ဟုမ္မလင်း သင်္ဘောခရီးစဉ် ဇူလိုင် ၁ ရက်နေ့ စတင်ပြေးဆွဲမည်
24-Jun-2019



ကလေး၊ ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ဘက်ရှိ မြို့များသို့ သင်္ဘောပြေးဆွဲမှုကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ တစ်ပတ်လျှင်တစ်ကြိမ် တနင်္လာနေ့တိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ချင်းတွင်းဌာနခွဲ) မှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးလေးနိုင်က ပြောကြားသည်။

ချမ်းငြိမ်းသင်္ဘောဖြင့် ခရီးစဉ်ကိုစတင် ပြေးဆွဲပြီးနောက် နှစ်ပတ်အကြာတွင် လူဦးရေ ၈၀၀ နှင့် ကုန်တန်ချိန် ၁၂၀ အထိ တင်ဆောင်ပြေးဆွဲနိုင်သည့် ပြည်ကြီးတံခွန် သင်္ဘောဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“နှစ်စင်းပြေးပေးတာက သင်္ဘောပြေးဆွဲတဲ့ အချိန်က ကျောင်းသားကျောင်းသူတွေ၊ ဝန်ထမ်းတွေ အသွားအလာများတဲ့အချိန် ဖြစ်နေတယ်။ အဲဒီအခါကျတော့ ခရီးသွားတွေ လုံခြုံချောမွေ့စွာ ခရီးသွားလာနိုင်ဖို့အတွက်ဆိုပြီး သင်္ဘောနှစ်စင်းနဲ့ ပြေးဆွဲပေးမယ်”ဟု ၎င်းက ဆိုသည်။

သင်္ဘောလိုက်ပါ စီးနင်းခအနေဖြင့် ရိုးရိုးတန်း မုံရွာ-မင်းကင်း ၃၅၀၀ ကျပ်၊ မုံရွာ- ကလေးဝ ၆၀၀၀ ကျပ်၊ မုံရွာ- မော်လိုက် ၉၀၀၀ ကျပ်၊ မုံရွာ- ဖောင်းပြင် ၁၃၀၀၀ ကျပ်နှင့် မုံရွာ-ဟုမ္မလင်း ၂၅၀၀၀ ကျပ်စသည်ဖြင့် အသီးသီးရှိကာ ကုန်တန်ချိန် တစ်တန်လျှင် မုံရွာ- ဟုမ္မလင်း ကျပ် ၂၂၀၀၀ အဖြစ် သတ်မှတ်ပြေးဆွဲမည်ဖြစ်သည်။

ချင်းတွင်းမြစ်ရေသည် နွေရာသီနှင့် ဆောင်းရာသီတို့တွင် ရေနည်းကာလဖြစ်သဖြင့် သင်္ဘောကြီးများ ပြေးဆွဲနိုင်ခြင်းမရှိဘဲ သင်္ဘောကြီးများသည် မိုးရာသီကာလအတွင်းသာ ပြေးဆွဲကြပြီး ချင်းတွင်းမြစ်အထက်ပိုင်း မြို့များဖြစ်သော ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးမြို့များသည် မိုးရာသီကာလဆိုပါက ကားဖြင့် သွားလာရန်ခက်ခဲသဖြင့် သင်္ဘောဖြင့်သာ အဓိကထားသွားလာကြသည်။

R-20