News

POST TYPE

LATEST NEWS POST

ဒေါင်းတို့မျိုးဆက်သံချပ်အမှုမှ တရားလိုပြသက်သေတစ်ဦး ပယ်ချခံရ
20-Jun-2019
ရန်ကုန်၊ ဇွန် ၁၉

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အမှုမှ တရားလိုပြသက်သေ ၅ ဦးတွင် ၁ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပါဝင်နေသူဖြစ်သောကြောင့် မရမ်းကုန်းမြို့နယ် တရားရုံးက ဇွန်လ ၁၉ ရက်နေ့ ရုံးချိန်းတွင် ပယ်ချလိုက်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

တရားလိုပြသက်သေ တစ်ဦးဖြစ်သော ဗိုလ်ကြီး ရဲရင့်ဝင်းမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သောကြောင့် တရားရုံးမှ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတာကြောင့် ပယ်ချလိုက်တာပါ”ဟု ဒေါ်စန်းစန်းမြင့်က ပြောသည်။

ထို့ပြင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အတွက် အာမခံလျှောက်ထားခဲ့သော်လည်း မရရှိခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆက်လက် ပြောသည်။ 

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ဆုတောင်းမှု ပြုလုပ်ခဲ့ကြသေးသည်။

တပ်မတော်မှ ပုဒ်မ ၅၀၅ (က)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် တရားစွဲဆိုခံထားရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဇွန် ၁၉ ရက်တွင် မရမ်းကုန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ကလည်း ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ထိုအဖွဲ့ကို မြို့နယ် ၄ ခုတွင် တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်သည်။

အေးချမ်းသူ