News

POST TYPE

LATEST NEWS POST

H1N1 ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိကြောင်း ကျန်းမာရေးဦးစီးဌာန အတည်ပြု
19-Jun-2019
ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး (H1N1) ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အတည်ပြုပြောကြားသည်။

“အရင်ကလည်းဖြစ်ဖူးတယ်၊ ထိတ်လန့်စရာ မလိုဘူး။ ဒါက တစ်ယောက်နဲ့တယောက် တလံအကွာအထိ မကူးနိုင်ပါဘူး။ လူထုအနေနဲ့ မစိုးရိမ်ဖို့နဲ့ ဖျားနာခဲ့ရင်လည်း ကျန်းမာရေးဌာနတွေနဲ့ ဆက်သွယ်ပြီး အကြံဉာဏ်ယူပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၌ သံသယလူနာ ၂၀ ဦးတွေ့ရှိခဲ့ရာ ၁၃ ဦးတွင် ရောဂါလက္ခဏာမတွေ့ရဘဲ ၇ ဦးတွင် တွေ့ရှိရပြီး ၃ ဦး သေဆုံးကြောင်း၊ အဆိုပါလူနာများသည် မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင် ကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ရာသီတုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ရန်အတွက် နှာစေးချောင်းဆိုးသည့်အခါ လက်ကိုင်ပုဝါများ အုပ်ဆိုးရန်၊ အိပ်ရေးဝဝအိပ်ရန်၊ လူထူသည့်နေရာများမသွားရန်နှင့် အဓိကအချက်အနေဖြင့် လက်ကို သေချာစွာ ဆေးကြောပေးရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

သေဆုံးသူ ၃ ဦးသည် ကော့မှူးမြို့နယ်မှ အသက် ၂၉ နှစ်အရွယ်အမျိုးသမီး၊ စမ်းချောင်းမြို့နယ်မှ အသက် ၇၅ နှစ်အရွယ်အမျိုးသားနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာမှ အသက် ၃၂ အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။


  • VIA