News

POST TYPE

LATEST NEWS POST

H1N1 ကူးစက်ရောဂါ သံသယရှိ လူနာတစ်ဦး သေဆုံး
19-Jun-2019


ဓာတ်ပုံ - နာရေးကူညီမှုအသင်း (ရန်ကုန်)

ရန်ကုန်၊ ဇွန် ၁၉

နာရေးကူညီမှုအသင်း (ရန်ကုန်) က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ရာသီတုပ်ကွေး (H1N1) ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟု သံသယရှိသည့် အမျိုးသားတစ်ဦးရုပ်အလောင်းအား ရေဝေးသုသာန်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

“H1N1 ရောဂါသံသယရှိလို့ အကာအကွယ်နဲ့သွားသယ်ပြီး သင်္ဂြိုဟ်ခဲ့တာပါ။ ဆုံးတာက မနေ့ကဆုံးတာပါ။ သယ်ပေးတာက ဒီနေ့မနက် ၁ဝ နာရီလောက်က ဆေးရုံကထွက်တာပါ။ အသက်ကတော့ ၆၀ ဝန်းကျင်ပေါ့။ သူတို့ တရားဝင်မထုတ်ပြန်တော့ သံသယရှိလူနာလို့ပဲ သတ်မှတ်လိုက်တာပါ။ သူတို့ ဖုန်းစဆက်ကတည်းက ဆရာဝန်မှတ်ချက်နဲ့ပြောတာပါ”ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ပြန်ကြားရေးဌာန ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းမြတ်က ပြောဆိုသည်။

အဆိုပါ H1N1 ရောဂါသည် ၂၀၁၇ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်တွင် သံသယလူနာ စတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ဘက်က Confirm ဖြစ်ရင် ဒီရက်ပိုင်းပဲ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပေးပါမယ်။ အခုက Confirmation လုပ်နေတုန်းပဲ ရှိပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းရောဂါသည် ကာကွယ်ကုသ၍ ရသည့်ရောဂါဖြစ်ပြီး တိုက်ရိုက်ထိတွေ့ကူးစက်ခြင်းကြောင့် ကူးစက်ခြင်းနှင့် အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ခြင်းဟူ၍ နှစ်မျိုးရှိပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လက်သန့်ရှင်းရေးသည် ရောဂါကူးစက်မှုကို ကာကွယ်နိုင်မည့် အဓိကအချက်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။