POST TYPE

LATEST NEWS POST

ဂိုဒေါင်စောင့် လုံခြုံရေးတစ်ဦး အသတ်ခံရမှု သံသယရှိသူ လွတ်မြောက်နေ
19-Jun-2019

ရန်ကုန်၊ ဇွန် ၁၉

လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၄)၊ ပြင်စည်မင်းသားကြီးလမ်းရှိ စက္ကူဂိုဒေါင်တစ်ခုတွင် လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူ အမျိုးသားမှာ လွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူ ဦးသန်းဌေးမှာ စက္ကူဂိုဒေါင်မှ ညစောင့်လုံခြုံရေးဖြစ်ပြီး ဇွန် ၁၈ ရက် နံနက်ပိုင်းက သွေးအိုင်ထဲ လဲကျသေဆုံးနေသည့် ၎င်း၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီး လုံခြုံရေးတာဝန် အတူထမ်းဆောင်သူ ကောင်းထက်လွင် (၁၈) နှစ်မှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ယင်းအမျိုးသားအပေါ် လူသတ်မှုဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသူ ကောင်းထက်လွင်မှာ ၎င်း၏မိခင်ထံ ဖုန်းဆက်၍ ရန်ဖြစ်ခဲ့သောကြောင့် အိမ်ပြန်မလာတော့ကြောင်း အသိပေးခဲ့ပြီး လည်ပင်းထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဘယ်လက်မောင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့သူ ဦးသန်းဌေး၏ ရုပ်အလောင်းကို ဆေးရုံသို့ပို့အပ်၍ လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ) ၃၆၄၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03