News

POST TYPE

LATEST NEWS POST

ယာဉ်တိုက်သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို စစ်ဆေးရာမှ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်နေ
19-Jun-2019
ရန်ကုန်၊ ဇွန် ၁၉

ကရင်ပြည်နယ်၊ ဘားအံ-အိန္ဒိုကားလမ်းရှိ တံတားအမှတ် ၁/၈ တွင် လမ်းဘေးထိုးကျနေသည့် ယာဉ်ပေါ်မှ ယာဉ်မောင်း အမျိုးသား ဖူးရောင်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးမှုနှင့် ပတ်သက်၍ ရုပ်အလောင်းကို စစ်ဆေးရာမှ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုပြောင်းလဲဖွင့်လှစ်၍ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ယာဉ်မောင်း အသက် ၃၉ နှစ် ကိုရာဇာမှာ ဘားအံမြို့၊ ရေကျော်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဇွန် ၁၅ ရက် ည ၁၀ နာရီခွဲက လမ်းဘေးထိုးကျနေသည့် Crown အမျိုးအစား ယာဉ်ပေါ်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ခန္ဓာကိုယ်အနှံတွင် ဖူးရောင်ဒဏ်ရာနှင့် နှာခေါင်းနှင့် ပါးစပ်တွင် သွေးထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို ဘားအံဆေးရုံသို့ ပို့အပ်ခဲ့သည်။

လမ်းဘေးထိုးကျနေသည့် ယာဉ်ပေါ်မှ BGF တံဆိပ်ပါ ဗိုလ်မှူးအဆင့် ရာထူးတံဆိပ်တပ်ဆင်ထားသည့် ပြောက်ကျား အင်္ကျီတစ်ထည်နှင့် ဗိုလ်မှူးအဆင့် ရာထူးတံဆိပ်တင်ဆင်ထားသော စစ်အင်္ကျီတစ်ထည်၊ သေနတ်အိတ်ခွံတစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီးနောက် အဆိုပါ လူသေဆုံးမှုကို အိန္ဒုနယ်မြေ ရဲစခန်းမှ ပေါ့လျော့မှုကြောင့် လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ဆေးရုံသို့ ပို့အပ်ခဲ့သည့် ရုပ်အလောင်းအား ပြည်နယ်မှုခင်းဆရာဝန်ကြီးနှင့် အဖွဲ့ဝင်များက ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ဘယ်နားထင်မှ ကျည်ပေါက်ဝင်ဒဏ်ရာ၊ ဦးခေါင်းခွံ ကွဲအက်ဒဏ်ရာနှင့် ဦးခေါင်းအတွင်းမှ ကျည်ထိပ်ဖူးတစ်ခုတို့ကို စစ်ဆေးတွေ့ရှိသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုအား ပြောင်းလဲဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA