News

POST TYPE

LATEST NEWS POST

မန္တလေး တောင်သူလယ်သမားအရေး လှုပ်ရှားသူနှစ်ဦးအမှု ယနေ့အမိန့်ချမည်
18-Jun-2019
မန္တလေး၊ ဇွန် ၁၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့်ဆန္ဒထုတ်ဖော်ပွဲ၌ ခွင့်ပြုချက်မရှိဘဲ ဟောပြောခဲ့သည့် တောင်သူလယ်သမား အရေးလှုပ်ရှားသူနှစ်ဦးအမှုကို ယနေ့ (ဇွန်လ ၁၉ ရက်နေ့)၌ အမိန့်ချမည်ဖြစ်ကြောင်း ယင်းတောင်သူလယ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်သောဆန္ဒပြပွဲတွင် ခွင့်ပြုချက်မဲ့ဟောပြောခဲ့မှုကြောင့် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်ကြောင်း တောင်သူလယ်သမားအရေးဆောင်ရွက်သူ ဦးမျိုးဝင်းက ပြောကြားသည်။

“ကျွန်တော်တို့က ဒီမြေကိစ္စဟာ မတရားအနိုင်ကျင့်ခံရတဲ့အတွက် ကူညီဆောင်ရွက်တာဖြစ်တယ်။ ဟောပြောတဲ့အချိန်မှာလည်း ကျွန်တော်တို့ မတော်မတရားတစ်ခုမှ မပြောခဲ့ဘူး။ ဒါကိုအမှုဖွင့်တယ်ဆိုတော့ အာဏာပိုင်က ဥပဒေကိုလိုသလိုစွဲသုံးနေတာလို့ မြင်ပါတယ်”ဟု အမှုဖွင့်ခံထားရသူ၊ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ ဦးတိုးကြီးက ပြောဆိုသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်း၊ ပေါ်တော်မူဘုရားနှင့်ကပ်လျက်ရှိ မြေကွက်တစ်ခုကို ရေကြောင်းရဲတပ်ဖွဲ့က ဂရန်ပေါက်ရထားကာ အဆောက်အအုံ ဝင်ရောက်ဆောက်လုပ်ခဲ့သည့်အတွက် မူလတောင်သူဆိုသူများက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ဆန္ဒဖော်ထုတ်ရာတွင် အုပ်ချုပ်ရေးအဖွဲ့သို့ အကြောင်းကြားစာ ပေးပို့စဉ်က ဟောပြောမည့်ပုဂ္ဂိုလ်များစာရင်းတွင် အမည်ပါဝင်ခြင်းမရှိဘဲ ဟောပြောမှုများပြုလုပ်သည်ဟုဆိုကာ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းအောင်က တရားလိုပြုလုပ်ကာ ခွင့်ပြုချက်မရှိဘဲ ဟောပြောသူ ဦးမျိုးဝင်းနှင့် ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးတိုးကြီးတို့ကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်၊ ပေါ်တော်မူ ဘုရားတောင်ဘက် မြေယာပေါ်တွင် ရဲတပ်ဖွဲ့က ခြံစည်းရိုးခတ်ရာတွင် တောင်သူမိသားစုဝင်များက ကိုယ်ထိလက်ရောက်ပြုမူခြင်း၊ နှောင့်ယှက်မှုများပြုလုပ်ခဲ့ခြင်းတို့ကြောင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က တရားလိုပြုလုပ်၍ မိသားစုဝင် ခြောက်ဦးကို ပုဒ်မ ၄၄၀၊ ၅၀၆၊ ၁၁၄၊ ၃၃၂၊ ၂၉၄ တို့ဖြင့် အမှတ် (၇) နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

M-01