News

POST TYPE

LATEST NEWS POST

IFC က ရိုးမဘဏ်တွင် ၅ ရာခိုင်နှုန်းပိုင်ဆိုင်မှုအဖြစ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်
18-Jun-2019
ရန်ကုန်၊ ဇွန် ၁၈

ကမ္ဘာ့ဘဏ်အစုအဖွဲ့ဝင် တစ်ခုဖြစ်သည့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း (International Finance Corporation- IFC) က ရိုးမဘဏ်လီမိတက်တွင် ၂၀၁၄ ခုနှစ်က ရင်းနှီးမြှုပ်နှံထည့်ဝင်ခဲ့သည့်ချေးငွေကို ရိုးမဘဏ်၏ ၅ ရာခိုင်နှုန်းပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲထည့်ဝင်ခဲ့ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။

အသေးစား၊ အလတ်စားလုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ လုပ်ငန်းများချဲ့ထွင်နိုင်ရန် ၂၀၁၄ ခုနှစ်က IFC သည် ရိုးမဘဏ်သို့ ချေးငွေအပြင် အခြားနည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးမှုများပါဝင်သည့် ချေးငွေအမျိုးအစားများ ပံ့ပိုးပေးခဲ့ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

“ရိုးမဘဏ်မှာ IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကြံပေးကူညီပေးမှုတွေက မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းတွေကို ပိုကြီးထွားလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်”ဟု IFC Country Manager for Myanmar and Thailand ဖြစ်သူ Mr.Vikram Kumar က ပြောကြားသည်။

IFC ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကနဦး အကြံပေးလုပ်ဆောင်သည့်ကာလအတွင်း ရိုးမဘဏ်သည် ဘဏ်ခွဲ ၅၂ ခုမှ ၇၄ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းကဏ္ဍတွင်လည်း ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ၊ ခန့်မှန်းခြေ ချေးငွေ ပေါင်း ၇၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။

“နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို လက်ခံရရှိတဲ့ ပထမဆုံး ပြည်တွင်းဘဏ်ဖြစ်တဲ့အတွက် ရိုးမဘဏ်အနေနဲ့ များစွာ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် IFC နဲ့အတူ လက်တွဲပြီး လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်”ဟု ရိုးမဘဏ်၏အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားသည်။

IFC နှင့် ရိုးမဘဏ်တို့၏ ပထမဆုံး နိုင်ငံခြားငွေကြေး ရင်းနှီးမြှုပ်နှံမှု သဘောတူညီခြင်း လက်မှတ်ရေးထိုးပွဲကို ဇွန်လ ၁၇ ရက်နေ့ကပြုလုပ်ခဲ့ပြီး IFC ၏ ရိုးမဘဏ်တွင်ထည့်ဝင်သည့် ချေးငွေမှ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

J-11