News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းတွင် တစ်လ အတွင်း လူ ၂၁ ဦး မိုးကြိုးပစ်ခံရ ၁၅ ဦး သေဆုံး
18-Jun-2019

ပုသိမ်၊ ဇွန် ၁၈

ဧရာဝတီတိုင်း ဒေသကြီးတွင် မိုးရာသီ ၀င်ရောက်ချိန် ကာလဖြစ်သည့် မေလလယ်မှ ဇွန်လလယ်အထိ တစ်လအတွင်း မိုးကြိုး ပစ်ခံရသူ ၂၁ ဦးရှိခဲ့ပြီး ၁၅ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

ဟင်္သာတ ခရိုင်မှ ၅ ဦး၊ ဖျာပုံခရိုင်မှ ၄ ဦး၊ မအူပင်ခရိုင်မှ ၂ ဦး၊ မြောင်းမြခရိုင်မှ ၂ ဦး၊ ပုသိမ်ခရိုင်နှင့် လပွတ္တာ ခရိုင်တို့မှ ၁ ဦးစီ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဌာန၏ သဘာဝဘေးဒဏ် ပျက်စီးဆုံးရှုံးမှု မှတ်တမ်းတွင် ဖော်ပြထားသည်။

“ထိခိုက်သေဆုံးသူ အများစုက ကွင်းပြင်မှာ သွားလာ အလုပ်လုပ်ကြတဲ့ လယ်ယာလုပ်သားနဲ့ ရေလုပ်သား အများစုဖြစ်တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ဆိုသည်။

မိုးကြိုးပစ်ခံရ၍ ထိခိုက်သေဆုံး ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များမှတစ်ဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနသို့ တင်ပြရန်လိုအပ်ကြောင်း၊ သေဆုံးသူ တစ်ဦးလျှင် ၃ သိန်းကျပ်၊ ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို ၅ သောင်းကျပ် ကူညီထောက်ပံ့ပေးနေကြောင်း ၄င်းက ရှင်းပြသည်။

ကြီးမားသည့် မိုးတိမ်တောင်ကြီးများကြောင့် မုတ်သုန်လေအ၀င် မိုးဦးကျကာလ မွန်းလွဲနှင့် ညနေပိုင်း အချိန်များတွင် မိုးကြိုးပစ်လေ့ရှိကြောင်း၊ မိုးကြိုးမပစ်မီ ရှေ့ပြေးလက္ခဏာအဖြစ် လျှပ်စီးလက်ခြင်း၊ မိုးချိန်းခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်လေ့ရှိသဖြင့် ထိုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာပါက ကွင်းပြင်နှင့် သစ်ပင်အောက်တွင် မနေရန် ၊ အနီးဆုံး တဲ၊ အိမ်၊ အဆောက်အအုံ တစ်ခုခုတွင် ခိုလုံနေရန် ကျေးလက်ဒေသ အုပ်ချုပ်ရေး အဖွဲ့များနှင့် သဘာဝဘေး ကာကွယ်ကူည်ီရေးအဖွဲ့များ တစ်ဆင့် အသိပညာပေး စာရွက်စာတန်းများ ဖြန့်ဝေထားသည်။

R-12