News

POST TYPE

LATEST NEWS POST

ဦးဝီရသူကို သမ္မတရုံးက တရားစွဲခိုင်းခြင်းဟု ဒုအုပ်ချုပ်ရေးမှူးထွက်ဆို
18-Jun-2019

ရန်ကုန်၊ ဇွန် ၁၈

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုထားသူ ဦးဝီရသူ အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကို ယနေ့ (ဇွန် ၁၈ ရက်) တွင် အနောက်ပိုင်းခရိုင် တရားရုံးတွင် စတင်စစ်ဆေးခဲ့ပြီး ယင်းအမှုတွင် တရားလို အပါအဝင် ၁၀ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးမှ သိရသည်။

ဦးဝီရသူကို သမ္မတရုံး၏ တာဝန်ပေးချက်အရ တရားစွဲခဲ့ခြင်းဖြစ်ကာ သမ္မတရုံးမှ အခွင့်အာဏာအပ်နှင်းသည့်စာနှင့် တိုင်းအစိုးင်္အဖွဲ့က ထပ်ဆင့်ညွှန်ကြားစာအပါအ၀င် ဦးဝီရသူ ဟောပြောပွဲတွင် ရိုက်ကူးထားသည့် စီဒီခွေနှင့် ဟောပြောချက် စာရွက်စာတမ်းများကို အနောက်ပိုင်းခရိုင်ဒုအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားရုံးသို့ တင်သွင်းခဲ့သည်။

ထို့ပြင် အစစ်ဆေးခံသူ ဦးစန်းမင်းမှ ရန်ကုန်မြို့လယ်ခေါင် မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲနှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲများတွင် ဦးဝီရသူက အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် စကားလုံးများ ထည့်သွင်းဟောပြောခဲ့သည့် အကြောင်းအရာကို ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။

“လာမယ့် ဇွန် ၂၅ ရက်နေ့ ရုံးချိန်းမှာ လိုပြသက်သေ သုံးယောက်ကို စစ်မယ်။ လိုပြသက်သေ ကိုးဦးမှာ သာသနာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ အရပ်သားတွေပါမယ်”ဟု တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးကြည်မင်းစိုးက ပြောသည်။

ဦးဝီရသူမှာ မေ ၅ ရက်နေ့က မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခံရပြီး ရုံးတော်မှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် ထပ်မံတရားစွဲဆိုထားသောကြောင့် အမှုမှ တရားလိုဖြစ်သူ အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကို တရားခံမျက်ကွယ်အဖြစ် စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

S-03