News

POST TYPE

LATEST NEWS POST

တညင်းကုန်းဈေးဟောင်းမှ ဈေးသစ်သို့ မပြောင်းသည့် ဈေးသည်များကို ဖယ်ရှားတော့မည်
17-Jun-2019
ရန်ကုန်၊ ဇွန် ၁၇

အင်းစိန်းမြို့နယ်ရှိ တညင်းကုန်းဈေးဟောင်းမှ ဈေးသည်များအနေဖြင့် ဈေးသစ်ကြီးသို့ ဇွန်လ ၂၀ နောက်ဆုံးထား ရွှေ့ပြောင်းခြင်းမပြုပါက အုပ်ချုပ်မှုနည်းလမ်းအရ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးသန်းကပြောကြားသည်။

အဆိုပါ တညင်းကုန်းဈေးဟောင်းမှ ပြောင်းရွှေ့ရမည့် ဈေးဆိုင်ခန်း ၁၀၈၇ ခန်းရှိကာ ဈေးသည်များပြောင်းရွှေ့ရန်အတွက် ၇ ကြိမ် ညှိနှိုင်းထားကြောင်းနှင့် ယင်းဈေးသည်များနှင့် ညှိနှိုင်းချက်အရ ဆိုင်လခနှုန်း လျှော့ချသတ်မှတ်မှုကိုလည်း ၄ ကြိမ်တိုင် ညှိနှိုင်းပေးထားကြောင်း ၎င်းကဆိုသည်။

“သတ်မှတ်ထားတဲ့ ဇွန် ၂၀ ရက်နေ့မှာ ပြောင်းရွှေ့ရေးအတွက် ဈေးနှုန်းအရလဲ အခက်အခဲ မရှိဘူး။ နေရာအကျယ်အဝန်းကလည်း အခက်အခဲမရှိဘူး။ ပစ္စည်းသယ်ယူပို့ဆောင်ရေးကလည်း ပေါင်းစပ်ဆောင်ရွက်ပါ၊ ပြောင်းရွှေ့ဖို့အတွက် ညှိနှိုင်းထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ပြောင်းဖို့လုပ်ရမယ်။ လိုအပ်လို့ရှိရင် အုပ်ချုပ်ရေးနည်းလမ်းအရ အင်အားသုံးဆိုတာထက် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုနည်းလမ်းအရ ဆောင်ရွက်သင့်ရင် ဆောင်ရွက်ရပါမယ်”ဟု ဦးသန်းကပြောကြားသည်။

လက်ရှိ တညင်းကုန်းဈေးဟောင်းတွင် ဈေးဆိုင်ခန်း ၁၀၈၇ ခန်းရှိပြီး ၅ ပေပတ်လည် ရောင်းချသူကို ဈေးသစ်တွင် ၅ ပေပတ်လည် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းနှင့် ၅ ပေ x ၁၁ ပေ ဆိုင်ခန်းဖြင့်ရောင်းချသူကိုလည်း ဈေးသစ်တွင် ၅ ပေ x ၁၁ ပေ ဆိုင်ခန်းတစ်ခန်းပြန်လည်ရရှိမည်ဖြစ်ပြီး ဆိုင်ခန်း လက်ရှိမှ လက်မဲ့အဖြစ်ရောက်ရှိမည်မဟုတ်ကြောင်း ဦးသန်းက ထပ်မံပြောကြားသည်။

ဆိုင်ခန်းခ နှုန်းထားများမှာ ခြောက်နှစ်အထိ ဈေးနှုန်းကို နှစ်အလိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ခြောက်နှစ်ပြည့်ပြီးမှ ဆိုင်ခန်းတန်ဖိုး အများနည်းတူ တူညီသွားမည်ဖြစ်သည့်အတွက် နစ်နာမှုမရှိနိုင်ကြောင်းနှင့် ၅ ပေ ပတ်လည် ဆိုင်ခန်းတစ်ခန်းအနေဖြင့် ကျပ် ၂၇ သိန်းအထိလည်းကောင်း၊ ၅ ပေ x ၁၁ ပေနှင့် ၅ ပေ x ၁၃ ပေဆိုင်ခန်းအနေဖြင့် ၃၆ သိန်းအထိ သက်သာသွားသည့်အတွက် တစ်စုံတစ်ရာ နစ်နာနိုင်မှုမရှိနိုင်ကြောင်း ဦးသန်းက ဆက်လက်ရှင်းပြသည်။

တညင်းကုန်းဈေးဟောင်းရှိ ဈေးဆိုင် ခန်းများ ဇွန် ၂၀ရက်နောက်ဆုံးထားပြောင်း ရွှေ့ပြီးပါက ဈေးဟောင်းအား ဇွန် ၂၁ရက်တွင် ပိတ်သိမ်းမည်ဖြစ်ပြီး ဝင်ပေါက် ထွက်ပေါက် လေးပေါက်ရှိသည့်အနက် ဈေးသည်များ ပစ္စည်းများရွှေ့ပြောင်းနိုင်ရန် အပေါက်တစ်ပေါက်ဖွင့်ထားပေးမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ဈေးသစ်ကို ရောက်ရှိပါက စီမံခန့်ခွဲမှုအား နှစ်မျိုးဖြင့် စီမံခန့်ခွဲမည်ဖြစ်ပြီး ဈေးဟောင်းမှ လာသည့် ဈေးသည်များကို စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ စည်းမျဉ်းစည်းကမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း ခန့်ခွဲမည်ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုကို အမည်ပြောင်းမည်ဆိုပါက သတ်မှတ်ထားသည့် အခွန်နှုန်းအတိုင်းပေးဆောင်ပါက အမည်ပြောင်းပေးမည်ဖြစ်ကြောင်းနှင့် အပြင်မှ လာရောက်ရောင်းချသူများကို စာချုပ်ဖြင့် ငှားရမ်းပေးမည်ဖြစ်ပြီး ကုမ္ပဏီမှ စီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဈေးဆိုင်ခန်းများကို ဆိုင်ခန်း ငှားရမ်းစာအုပ် ထုတ်ပေးခြင်းသာဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသာ ပိုင်ဆိုင်ပြီး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အမွေဆက်ခံခွင့် လွှဲပြောင်းခွင့်အား ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ဈေးများဌာနမှ ဌာနမှူး ဦးသန်းထိုက်က ရှင်းပြသည်။

တညင်းကုန်း ကုန်စိမ်းဈေးနေရာ အပါအဝင် မြေဧရိယာ ၈၂ ဒသမ ၇၈ ဧကတွင် တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးသစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Myanmar Agro Exchange Public Ltd တို့မှ ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးဟောင်းမှ ဈေးသည်များ ဈေးရုံသစ်ကြီးသို့ ပြောင်းရွှေ့ရောင်းချရန်နှင့်ပတ်သက်၍ ဆောင်ရွက်ထားသည့် အစီအမံများကို လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ ဈေးသူဈေးသား ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများကို ရှင်းလင်းတင်ပြခြင်းကို ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

J-10