News

POST TYPE

LATEST NEWS POST

မန္တလေးတွင် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ သုတေသန စစ်တမ်းကောက်
17-Jun-2019

မန္တလေး၊ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်တွင် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ သုတေသနစစ်တမ်းကို ဇွန်လ ၁၃ ရက်နေ့မှစ၍ ကောက်ယူလျက်ရှိကြောင်း တိုင်းလွှတ်တော် စာကြည့် တိုက်နှင့် သုတေသနကော်မတီထံမှ သိရသည်။ 

ပိုးသတ်ဆေးများ သုံးစွဲခြင်း၊ သို လှောင်ခြင်းနှင့် ပိုးသတ်ဆေးသုံးစွဲ၍ ထုတ်လုပ်ထားသော အစားအသောက်များ ထုတ်လုပ်ရောင်းချရာတွင် တောင်သူများသည် ပိုးသတ်ဆေးနှင့် ပတ်သက်သော အသိပညာဆိုင်ရာ စစ်တမ်းကို ရရှိလိုသောကြောင့် စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ကျော်ဦးက ပြောကြားသည်။

ပိုးသတ်ဆေးဥပဒေရှိပြီးဖြစ်သော်လည်း သုံးစွဲသူတောင်သူများကို အကာအကွယ်ပေးသည့်အပိုင်း၌ အားနည်းနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ကောက်ခံရရှိတဲ့ အချက်အလက်ပေါ်မူတည်ပြီး တကယ်လို့များ တိုင်းဒေသကြီး အဆင့်မှာ ပိုးသတ်ဆေးသုံးစွဲတဲ့ တောင်သူတွေကို အကာအကွယ်ပေးတဲ့ အစီအစဉ် တစ်ခုခု၊ ဥပဒေများ လုပ်လို့ရမလားဆိုပြီး စစ်တမ်းကောက်တာ။ တိုင်းအဆင့်မှာ ဥပဒေကြမ်းအနေနဲ့ တင်ခွင့်မရှိဘူးဆိုလည်း ပြည်ထောင်စုအဆင့်မှာ ရှိနေတဲ့ ဒါနဲ့ပတ်သက်ပြီး လုပ်နေတဲ့ ဥပဒေကို အထောက်အပံ့ဖြစ်စေဖို့ လုပ်တာပါ”ဟု ၎င်းက ဆိုသည်။ 

ယင်းသို့ စစ်တမ်းကောက်ယူခြင်းကို တိုင်းဒေသကြီးလွှတ်တော်က ဦးဆောင်၍ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ကနောင်အင်စတီကျုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်မှ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် မြို့ နယ် ၂၈ မြို့နယ် ရှိသော်လည်း မြို့တွင်း ဧရိယာတွင် ပါဝင်သော မြို့နယ် ၅ ခုကို ချန်လှပ်၍ အခြားမြို့နယ် ၂၃ မြို့နယ်တွင် ပိုးသတ်ဆေးဆိုင်ရာ စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း ကနောင်အင်စတီကျုမှ အမှုဆောင် ဒါရိုက်တာ ဦးသန်းမြတ်စိုးက ပြောကြားသည်။

“စစ်တမ်းကောက်တဲ့အခါလိုအပ်တဲ့ လူအင်အားနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးတာပါ”ဟု ၎င်းက ဆိုသည်။ 

စစ်တမ်းကောက်ယူခြင်းကို မြို့နယ် ၁ ခုလျှင် ကျေးရွာလေးရွာနှုန်းဖြင့် ရွာပေါင်း ၉၂ ရွာကို ကောက်ခံမည်ဖြစ်ပြီး ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မလှိုင်နှင့် မတ္တရာမြို့နယ်များတွင် အဖွဲ့ဝင် ၂၀ ကျော်ဖြင့် စစ်တမ်းကောက်ယူလျက်ရှိကြောင်း ကနောင်အင်စတီကျုထံမှ သိရသည်။  

M-08