News

POST TYPE

LATEST NEWS POST

အပေါ့သွားနေစဉ် ဆိုင်ကယ်လုပြေးသူ နှစ်ဦးအနက်မှ တစ်ဦးကို ဖမ်းမိ
16-Jun-2019

ရန်ကုန်၊ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့အထွက်တွင် ဇွန် ၁၆ ရက် နံနက် ၁ နာရီခန့်က အမျိုးသားတစ်ဦး၏ ဆိုင်ကယ်ကို လုယူထွက်ပြေးသည့် အမျိုးသားနှစ်ဦးမှ တစ်ဦးကို ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆိုင်ကယ်လုယက်ခံရသူ အမျိုးသားမှာ အခင်းဖြစ်ချိန်က သက္ကလမြို့အထွက် ပေါက်တူးကုန်းကျေးရွာ တံတားအနီးတွင် ဆိုင်ကယ်ရပ်၍ လမ်းဘေး၌အပေါ့သွားနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ၎င်းကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆို၍ လမ်းဘေးရပ်ထားသည့် ဆိုင်ကယ်အား လုယူထွက်ပြေးခဲ့သည်။

လုယက်မှုကျူးလွန်သူနှစ်ဦး၏ လူပုံပန်းသဏ္ဍန်နှင့် လုယူသွားသည့် ဆိုင်ကယ် အမျိုးအစားအား အုန်းနှဲနယ်မြေ ရဲစခန်းမှ နီးစပ်ရာရဲစခန်းများထံ သတင်းပေးပို့သဖြင့် ကဝမြို့နယ်၊ မီးသတ်ရုံးရှေ့လမ်းဆုံတွင် ကဝမြို့မ ရဲစခန်းမှ ပြစ်မှုကျူးလွန်သူနှစ်ဦးကို ပိတ်ဆို့ဖမ်းဆီးရာ ချစ်ဝေယံ (၂၆ နှစ်)ကို ဖမ်းဆီးရမိခဲ့ပြီး အညာသားမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ ချစ်ဝေယံအား စစ်ဆေးရာ ၎င်းထံမှ ဓားမြှောင်တစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကဝမြို့မ ရဲစခန်းမှ လက်နက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့်၍ အုန်းနှဲနယ်မြေ ရဲစခန်းမှ ဖမ်းမိသူနှင့် ထွက်ပြေးတိမ်းရှောင်နေသူ အညာသားတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

S-03