News

POST TYPE

LATEST NEWS POST

ဒိုးနွယ်ရွာမှ အလှူရှင်များကို လိုင်စင်မရှိဘဲ ဝက်သတ်ခဲ့သည်ဟုဆိုကာ စည်ပင်က တရားစွဲ
16-Jun-2019

ကလေး၊ ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဒိုးနွယ်ကျေးရွာတွင် ရှင်ပြုအလှူနှင့် မင်္ဂလာဆောင်များတွင်ကျွေးမွေးရန်အတွက် ဝက်သတ်သည့် အလှူ ၁၆ ခုမှ အလှူရှင်များကို လိုင်စင်မရှိဘဲ ဝက်သတ်သည်ဟုဆိုကာ ကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က တရားစွဲဆိုခဲ့ကြောင်း တရားစွဲဆိုခံရသူများထံမှ စုံစမ်းသိရှိရသည်။

၂၀၁၉ ခုနှစ်၊ မတ်လမှ မေလအထိ ဒိုးနွယ်ကျေးရွာအတွင်း ပြုလုပ်ခဲ့သည့် ရှင်ပြုအလှူများနှင့် မင်္ဂလာဆောင်များ၌ ကျွေးမွေးရန် ဝက်သတ်ခဲ့သည့် အခမ်းအနား ၁၆ ခုကို ခွင့်ပြုချက်လိုင်စင်မရဘဲ ဝက်သတ်သည်ဟုဆိုကာ ကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စည်ပင်က တရားစွဲဆိုခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် ကလေးမြို့နယ်တရားရုံးမှ အလှူရှင်များထံ အကြောင်းကြားစာ ရောက်ရှိခဲ့ရာ ရုံးချိန်းနှစ်ကြိမ် စစ်ဆေးခံခဲ့ရခြင်းဖြစ်ပြီး ဇွန်လ၂၁ ရက်နေ့တွင် တတိယအကြိမ်ရုံးချိန်းအဖြစ် ထပ်မံချိန်းဆိုထားကြောင်း တရားစွဲဆိုခံခဲ့ရသည့် အလှူရှင်များထဲမှ တစ်ဦးဖြစ်သူ ဦးသားငယ်က ပြောကြားသည်။

“အလှူမှာ ဝက်သတ်လို့လို့ ပြောတာပဲ။ ဖြစ်လေ့ဖြစ်ထမရှိတော့ ကျွန်တော်တို့လည်း နားမလည်ဘူး။ ဖိတ်စာထဲမှာ ပါတဲ့သူ အကုန်လုံးပေါ့ဗျာ။ ရှင်လောင်းရဲ့ မိဘတွေကို စွဲလိုက်တာ။ ကျွေးတာကလည်း အိမ်မှာ မွေးထားတဲ့ ဝက်တွေကို သတ်ပြီး ကျွေးတာ”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ဝက်သတ်ကျွေးမွေးခဲ့သူများကို ၂၀၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဥပဒေပုဒ်မ ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွား၊ နွားနောက်၊ မြင်း၊ မြည်း၊ သိုး၊ ဆိတ်၊ ဝက်တို့ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင် ဒဏ်ငွေ ကျပ်သုံးသိန်းမှ ငွေကျပ်ဆယ်သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ်တစ်လမှ ခြောက်လအထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည့် စည်ပင်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မဖြစ်သင့်သည်များ မဖြစ်စေရန်၊ လိုင်စင်သမားနှင့် တွေ့ပေးရန်အတွက် တရားမစွဲဆိုခင်က ရုံးသို့သုံးကြိမ်ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စည်ပင်ဥက္ကဋ္ဌနှင့် နှစ်ကြိမ်တိုင်တိုင်ရွာသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း ကလေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အသားခုံတာဝန်ရှိသူ ဦးအောင်လွင်က ပြောကြားသည်။

“ဒါမျိုးတွေ မဖြစ်ဖို့၊ ဖြစ်လာရင် ဥပဒေက အလှူရယ်လို့ မင်္ဂလာဆောင်ရယ်လို့ ခွင့်လွှတ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ခင်ဗျားတို့ရွာပဲ နစ်နာမှာ၊ ဘာပဲဖြစ်ဖြစ် ပြေလည်အောင် လုပ်ကြပါဆိုပြီး ပြောတာကို လက်မခံကြဘူး။ သူတို့ကိုယ်တိုင် ပြောတာပဲ ဥပဒေအတိုင်း ရင်ဆိုင်ပါ့မယ်။ လမ်းဆုံးရင် ရွာတွေ့မယ်လို့တောင် ပြောကြတာပဲ”ဟု ၎င်းက ပြောဆိုသည်။ 

R-20