News

POST TYPE

LATEST NEWS POST

ဟောင်ကောင်တွင် တရုတ်သို့ တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်သောဆန္ဒပြမှုများ ထိုင်ဝမ်သို့ ဂယက်ရိုက်
16-Jun-2019


ဟောင်ကောင်၊ ဇွန် ၁၅

တရုတ်သို့ တရားခံလွှဲပြောင်းမှုဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်သော ဟောင်ကောင်မှ ဆန္ဒပြပွဲများသည် အနီးအနားရှိ ထိုင်ဝမ်သို့ စိုးရိမ်မှုများ ရိုက်ခတ်လျက်ရှိသည်ဟု  CAN သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သည် တရုတ်ပြည်မကြီးကို စွန့်ခွာကာ နှစ်ပေါင်း ၇၀ ခန့် သီးခြားအုပ်ချုပ် ရပ်တည်နေသော ကျွန်းနိုင်ငံဖြစ်သည်။

ထိုင်ဝမ်ကို ပြည်မကြီး၏ အစိတ်အပိုင်းဟု ခံယူထားသော ကွန်မြူနစ် ခေါင်းဆောင်များက ထိုင်ဝမ်ကို ပြန်လည်သိမ်းသွင်းရန် ဆွဲဆောင်သည့်အနေနှင့် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်လက်မှ ပြန်လည်ရရှိသော ဟောင်ကောင်ကျွန်းကို တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒချမှတ်ကာ ရှိပြီးသား လွတ်လပ်ခွင့်များကို ဆက်လက်ပေးအပ်ထားခဲ့သည်။

သို့ရာတွင် နှစ်ကာလ ရှည်ကြာလာသည့်နှင့်အမျှ ဟောင်ကောင်၏ လွတ်လပ်ခွင့်များ တိုက်စားခံရမှုကို မြင်တွေ့နေရသောကြောင့် တရုတ်ပြည်မကို ဆန့်ကျင်ကာ လွတ်လပ်ရေးကြေညာလိုသော ထိုင်ဝမ် လူငယ်များ အရေအတွက် ကြီးထွားလာလျက်ရှိသည်။

ယခုသီတင်းပတ် ဟောင်ကောင်မှ ဆန္ဒပြပွဲများ အုံကြွလာမှုသည် ထိုင်ဝမ်တို့၏ သံသယကို လေပင့်ပေးသကဲ့သို့ ဖြစ်စေသည်။

“ဟောင်ကောင်မှာ ထီးအရေးတော်ပုံကနေ အခုဆန္ဒပြမှုတွေအထိ ဖြစ်ခဲ့တဲ့ အခြေအနေဟာ ပြည်မကြီးအပေါ် ထိုင်ဝမ်တွေရဲ့ မယုံကြည်မှုကို ပိုမိုခိုင်မာစေပါတယ်”ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာမှ ထိုင်ဝမ်ရေးရာကျွမ်းကျင်သူ ဘော်နီဂလပ်စတာက မှတ်ချက်ပေးသည်။

ဇန်နဝါရီလတွင် ကျင်းပမည့် ထိုင်ဝမ်သမ္မတ ရွေးပွဲများသည် ပြည်မကြီးနှင့် ဆက်ဆံရေးကိစ္စ လွှမ်းမိုးနေသော ရွေးကောက်ပွဲဖြစ်သည်။ ဘေဂျင်းဆန့်ကျင်သောပါတီမှ လက်ရှိအာဏာရသမ္မတ မစ္စဆိုင်အင်းဝန်က ဟောင်ကောင်မှ ပဋိပက္ခများကို သတိပေးချက်အဖြစ် အကြိမ်ကြိမ်ထောက်ပြခဲ့ပြီး ဒီမိုကရေစီ ကျင့်သုံးသော ထိုင်ဝမ်တွင် စနစ်နှစ်မျိုးကို လုံးဝလက်မခံနိုင်ကြောင်း ပြောကြားသည်။

ဘေဂျင်းနှင့် နွေးထွေးစွာ ဆက်ဆံရေးမူချထားသော ပြိုင်ဘက်ကူမင်တန် ပါတီမှ သမ္မတလောင်း Foxconn သူဌေး တယ်ရီဂူးကပင် အလားတူသဘောမျိုး ပြောဆိုလာခဲ့သည်။

ကျွန်တော်သာ သမ္မတဖြစ်လာခဲ့ရင် ဟောင်ကောင်မိတ်ဆွေတွေကို ထိုင်ဝမ်ကို ရွှေ့ပြောင်းအခြေစိုက်ဖို့ ဖိတ်ခေါ်မယ်။ ထိုင်ဝမ်က လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်ပါ”ဟု တယ်ရီဂူးက ပြောကြားသည်။

ထိုင်ဝမ် လူမှုမီဒီယာများတွင်လည်း ဘေဂျင်းလွှမ်းမိုးမည့် အနာဂတ်အပေါ် စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုသည့် မက်ဆေ့ချ်များနှင့် ပြည့်လျှံလျက်ရှိသည်။ 

“တစ်နိုင်ငံ စနစ်နှစ်မျိုးမဟုတ်ဘဲ စနစ်တစ်မျိုးတည်းဆိုတာကို ဟောင်ကောင်က သက်သေပြနေပါတယ်။ ၂၀၂၀ မှာ ဘေဂျင်းလိုလားတဲ့ပါတီကို မဲပေးရင် ထိုင်ဝမ်က ဟောင်ကောင်လို ဖြစ်သွားလိမ့် မယ်”ဟု လူမှုမီဒီယာ မှတ်ချက်တစ်ခုက ဆိုသည်။

ထိုင်ဝမ်ကို ပြည်မကြီး၏ အစိတ်အပိုင်းအဖြစ် လက်မခံသော ဆိုင်အင်းဝန် အစိုးရကို ဘေဂျင်းက အဆက်အသွယ် ဖြတ်တောက်ထားပြီး နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခဲ့သည်။

အကယ်၍ ဘေဂျင်းအနေနှင့် မစ္စဆိုင်အင်းဝန်ကို လာမည့်ဇန်နဝါရီလ ရွေးကောက်ပွဲတွင် ရှုံးနိမ့်စေလိုသည်ဆိုပါက ဟောင်ကောင်တွင် ပြန်လည်အုံကြွနေသော ဆန္ဒပြပွဲများသည် ဘေဂျင်းကို အလိုမပြည့်စေမည့် အချိန်ကိုက်ရိုက်ချက်ပင်ဖြစ်သည်။  

F-04


  • VIA