News

POST TYPE

LATEST NEWS POST

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်၍ သုတေသနလုပ်မည်
15-Jun-2019

မန္တလေး၊ ဇွန် ၁၅

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများ၏ စိတ်နေသဘောထားနှင့် ခံယူချက်များကို သိရှိနိုင်ရန်အတွက် သုတေသနပြုလုပ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။

လိင်ပိုင်ဆိုင်ရာကျူးလွန်မှုများ မဖြစ်ပွားစေရန် လူမှုဝန်ထမ်းအပါအဝင် အခြားသောဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသော်လည်း လက်ရှိအနေအထား၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဖြစ်ပွားပြီးမှသာ လိုက်လံကူညီ ဆောင်ရွက်ပေးရသည်မှာ များနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောကြားသည်။

“ဒီလိုမျိုး (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု) ကိစ္စတွေဖြစ်သွားပြီဆိုရင် ကျူးလွန်တဲ့သူတွေဘက်ကနေပြီးတော့ ဘယ်လိုအနေအထားတွေ ရှိလဲဆိုတာကိုသိချင်လို့ ဒီသုတေသနကို လုပ်ရတာဖြစ်ပါတယ်”ဟု ၎င်းကပြောဆိုသည်။ 

အဆိုပါသုတေသနပြုလုပ်နိုင်ရန်အတွက် အချက်အလက်များစုဆောင်းခြင်း၊ လုပ်ငန်းစဉ်များရေးဆွဲခြင်းတို့ ပြုလုပ်လျက်ရှိပြီး ယခုနှစ်အတွင်း ပြုလုပ်နိုင်ရန်ရည်ရွယ်ထားကြောင်း၊ ပြုလုပ်မည့် ရက်အတိအကျကိုမူ မပြောနိုင်သေးကြောင်း ဒေါက်တာ စန်းစန်းအေးက ရှင်းပြသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ Help Line သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာသော အကြမ်းဖက်ခံရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အမှုပေါင်း ၁၆၀၀ ကျော်ရှိကြောင်း၊ အဆိုပါအမှုများအနက် အကြမ်းဖက်ခံရသူ ၁၁၀၀ ကျော်အတွက် နိုင်ငံတော် ဘတ်ဂျက်မှ တရားရင်ဆိုင်နိုင်ရေးအတွက် $ ၄၆ ဒသမ ၅ သန်း၊ အသက်မွေးဝမ်းကျောင်းမှုအတွက် $ ၇၅ ဒသမ ၅ သန်းကို ထောက်ပံ့မှုပေးနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။

M-05