News

POST TYPE

LATEST NEWS POST

လားရှိုး လဝက ဦးစီးအရာရှိနှင့် ဝန်ထမ်းများ အဂတိမှုနှင့် အမှုဖွင့်ခံရ
13-Jun-2019

တောင်ငူ၊ ဇွန် ၁၂

လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးအပါအဝင် ဝန်ထမ်း ၇ ဦးကို ဇွန်လ ၁၂ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်သည်။

လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်လင်းနှင့် ဒုတိယကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်၊ လက်ထောက်ကြီးကြပ်ရေးမှူးများ ဖြစ်ကြသော ဦးထက်ဝင့်အောင်၊ ဒေါ်ခင်မေထွန်း၊ ဒေါ်အိအိမွန်အောင်၊ ဦးကျော်သူဟိန်းတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ကိစ္စ၊ မွေး/တိုးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်သည့်ကိစ္စတို့နှင့် ပတ်သက်ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်လှစ်ခဲ့ပြီး ငွေကြေး တံစိုးလက်ဆောင် ရယူခဲ့သည့်အမှုတွင် အားပေးကူညီခဲ့သော ဒေါ်မာရှောက်ဆန်းကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၃ တို့အရ ဇွန်လ ၁၂ ရက် နေ့က လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ၅၆ က ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်သလို အားပေးကူညီမှု ဥပဒေ ပုဒ်မ ၆၃ ကလည်း ၁၀ နှစ်ထိ ချမှတ်လို့ရတယ်”ဟု ခရိုင်အဆင့် တရားသူကြီးတစ်ဦးက ပြောကြားသည်။

အဂတိလိုက်စားမှုဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် မိုးညိုမြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဇော်မိုးသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ပဲခူးအကျဉ်းထောင်ထဲတွင် သေဆုံးခဲ့သည်။

R-15