News

POST TYPE

LATEST NEWS POST

ရန်ကုန်အစိုးရ၏ သင်္ဘောဝယ်ရန်နှင့် ရုံးသစ်နှစ်ရုံး တည်ဆောက်မည့် အစီအစဉ် လွှတ်တော်ကန့်ကွက်
13-Jun-2019
ရန်ကုန်၊ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူမည့် အစီအစဉ်၊ စုပေါင်းရာဇဝတ် တရားရုံးတည်ဆောက်မည့် အစီအစဉ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ရန်အတွက် ဘတ်ဂျက်တောင်းခံသည့် အစီအစဉ်ကို ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။

ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းအစိုးရ၏ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်းလျာထားချက်တွင် ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူရေးအတွက် ကျပ်သန်း ၅၀၀၀၊ စုပေါင်း ရာဇဝတ် တရားရုံး (အင်းစိန်) တည်ဆောက်ရန်အတွက် ကျပ်သန်း ၆၀၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း တည်ဆောက်မည့် ရဲတပ်ဖွဲ့မှူးရုံး ခုနစ်ထပ်အဆောက်အအုံတည်ဆောက်ရန် ကျပ်သန်း ၅၀၀၀ စုစုပေါင်း စီမံကိန်း သုံးခုတွင် ကျပ် ၁၆ ဘီလီယံထိ တောင်းခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးက ဆွေးနွေးခဲ့ရာတွင် ယင်းစီမံကိန်းကြီး သုံးခု ငွေကြေးတောင်းခံမှုကို အများစုက ထောက်ပြဆွေးနွေးသွားခဲ့ကာ လွှတ်တော်အနေနှင့် ခွင့်မပြုသင့်ဘဲ ကန့်ကွက်ကြောင်း သဘောထားများကို ဆွေးနွေးသွားခဲ့ကြသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကလည်း အဆိုပါ ရသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်၌ ဖတ်ကြားရာတွင်လည်း ယင်းစီမံကိန်း သုံးခုကို ထောက်ပြသွားခဲ့ကာ လွှတ်တော်အနေနှင့် ခွင့်ပြုရန် သင့်မသင့်ကို ဆွေးနွေးသင့်ကြောင်း ထောက်ပြထားခဲ့သည်။

စုပေါင်း ရာဇဝတ် တရားရုံး (အင်းစိန်) တည်ဆောက်ရန် ယခုဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၆၀၀၀ တောင်းခံထားမှုတွင် စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ် တွက်ချက်မှုများ ဖော်ပြထားခြင်း လုံးဝမပြုလုပ်လာသည့်အတွက် ဖော်ပြပါနှုန်းထား တွက်ချက်တောင်းခံမှုကို ခွင့်ပြုရန် သင့်မသင့် လွှတ်တော်က ဆွေးနွေးဆုံးဖြတ်သင့်ပါကြောင်း ထောက်ပြခဲ့သည်။

ထို့ပြင် အထပ် ၇ ထပ် ပါဝင်မည့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကိုလည်း ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်း တည်ဆောက်ရန် ကျပ်သန်း ၅၀၀၀ တောင်းယူမှုကိုလည်း ထောက်ပြထားပြီး လွှတ်တော်ရုံး အဆောက်အအုံသည် သမိုင်းဆိုင်ရာ တန်ဖိုးရှိသည့် အဆောက်အအုံရှိခြင်း၊ လွှတ်တော်ရုံးတည်ရှိသည့် တည်နေရာသည် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် မသင့်တော်သည့် နေရာဖြစ်နေခြင်းနှင့် ဘဏ္ဍာငွေ လေလွင့်မည့် အခြေအနေများကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

“စုပေါင်း ရာဇဝတ်တရားရုံးက အင်းစိန်ထောင်နားမှာ ရာဇဝတ်တရားရုံး တည်ဆောက်ပြီးတော့ တစ်ခါတည်း မြေအောက်လိုဏ်ခေါင်းတွေနဲ့ တစ်ခါတည်း ရုံးထုတ်လို့ရတဲ့ စနစ်တွေ ပါဝင်လာတယ်။ ဒါပေမဲ့ ဒါက တကယ်တမ်းလိုအပ်လား မလိုအပ်လားဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်”ဟု ဦးကျော်ဇေယျက ပြောကြားသည်။

အလားတူ ကိုကိုးကျွန်းအတွက် ပြေးဆွဲမည့် သင်္ဘောဝယ်ယူမည့် အစီအစဉ်ကလည်း အစိုးရက လုပ်ဆောင်သည်ဖြစ်စေ၊ ပုဂ္ဂလိကက လုပ်ဆောင်သည်ဖြစ်စေ စီးပွားရေးအရ တွက်ခြေ ကိုက်မှု မရှိနိုင်ဘဲ ရန်ကုန်မှ ကိုကိုးကျွန်း ရေမိုင် ၂၆၀ ခန့်ရှိ ပင်လယ်ပြင်ကို ဖြတ်သန်းသွားရသည့်အတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ အစိုးရအနေနှင့် မပြုလုပ်ခင် ပြန်လည်သုံးသပ်သင့်ကြောင်း ရွှေပြည်သာ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောသည်။

“ဒီလို သင်္ဘောတွေ မဝယ်ခင် အရင်သုံးသပ်ဖို့ လိုတယ်။ ဝယ်ပြီးမှ အသုံးမတည့်ဘူး သွားလို့မရဘူးဖြစ်မှာစိုးတယ်။ ပြီးတော့ ဝယ်မယ့်သင်္ဘောက စင်ကာပူကတော့ ပြောတယ်။ ဒါပေမဲ့ ဒီမှာက မုတ်သုံ မုန်တိုင်းတွေနဲ့ အဆင်ပြေမပြေဆိုတာ သုံးသပ်သင့်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် အများစုကလည်း တိုင်းရဲတပ်ဖွဲ့ရုံးနှင့် စုပေါင်း ရာဇဝတ်တရားရုံး တည်ဆောက်မည့် အစီအစဉ်တို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဆိုပါကလည်း ပြည်ထောင်စုဘတ်ဂျက်မှသာ လုပ်ဆောင်သင့်ပြီး တိုင်းအစိုးရ ဘတ်ဂျက်မှ အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် အဆိုပါ ၂၀၁၉-၂၀ ရသုံးမှန်းခြေစာရင်း လျာထားချက်ကို လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ဆွေးနွေးနေဆဲဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရေးကော်မရှင်ထံ တင်သွင်းသွားရမည်ဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ကျပ် ၇၇၂ ဒဿမ ဝ၄၈ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရ၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်အရ သိရသည်။

ရန်ကုန်တိုင်းအစိုးရအနေနှင့် အဆိုပါ လျာထားဘတ်ဂျက်ကို ဇွန်လ ၁၁ ရက်နေ့က တိုင်းလွှတ်တော်အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူကာ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

J-08


  • VIA