News

POST TYPE

LATEST NEWS POST

ဟောင်ကောင်တွင် ဧရာမဆန္ဒပြလူအုပ်ကြီးနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်၊ စီးပွားရေးလုပ်ငန်း ၁၀၀ ကျော်ရပ်ဆိုင်း
13-Jun-2019



ဟောင်ကောင်၊ ဇွန် ၁၂ 

ဟောင်ကောင်ကျွန်းတွင် တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်း ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုနေသော ဟောင်ကောင် ပြည်သူထောင်ပေါင်းများစွာနှင့် ရဲတပ်ဖွဲ့အကြား ဗုဒ္ဓဟူးနေ့က ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဟောင်ကောင်မြို့ပါလီမန်ထဲကို ဝင်ရောက်ထိန်းချုပ်မည့် ထောင်ပေါင်းများစွာသော ဆန္ဒပြလူအုပ်ကြီးကို ရဲတပ်ဖွဲ့က ဟန့်တားရန် ကြိုးပမ်းရာမှ ထိပ်တိုက်ပဋိ ပက္ခဖြစ်ခဲ့ကြခြင်းဖြစ်သည်။ အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံပြည့်ဝတ်ထားသော ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်းဖျန်းဆေးများ၊ ဘက်တံများနှင့် မီးသတ်ပိုက်များအသုံးပြုကာ ဆန္ဒပြလူအုပ်ကြီးကို လူစုခွဲပစ်သည်။ 

BBC သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် မျက်နှာဖုံးစွပ်နှင့် သံခမောက်များ ဝတ်ဆင်ထားသော ဆန္ဒပြသူများက ဟောင်ကောင် အစိုးရ အဆောက်အအုံများနှင့် ဟောင်ကောင်မြို့ရှိ ပင်မလမ်းမကြီးများကို ပိတ်ဆို့ပစ်လိုက်ကြသည်။ 

AFP သတင်းဌာနက ဖော်ပြသော သတင်းတစ်ရပ်တွင် ဆန္ဒပြသူတစ်ဦးကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်ဖြင့်ထိုးနေသည့် ဓာတ်ပုံကို တွေ့ရသည်။ 

ဟောင်ကောင်အုပ်ချုပ်ရေးမှူး (ဘေဂျင်းအစိုးရ လိုလားသူ) မစ္စကာရီလမ်က အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းကိစ္စကို ဖျက်သိမ်းမည်မဟုတ်ဟု ဆိုထားသော်လည်း ဥပဒေပြုကောင်စီ (LegCo) က ဒုတိယအကြိမ် ယင်းဥပဒေမူကြမ်းကို ကြားနာမည့်ကိစ္စ အားယာယီရပ်ဆိုင်းထားသည်။ 

ဘေဂျင်းအစိုးရ၏ သစ္စာတော်ခံ အုပ်စုဟု ဟောင်ကောင်တွင် စွပ်စွဲခံထားရသည့် LegCo က ဗုဒ္ဓဟူးနေ့က ကြေညာချက် တစ်ရပ်ထုတ်ပြန်ရာတွင် တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေကြမ်းအတွက် ဒုတိယအကြိမ် ဆွေးနွေးပွဲကို နံနက် ၁၁ နာရီတွင် ကျင်းပရန် စီစဉ်ထားခဲ့မှုအား ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။ 

ယခုတစ်ကြိမ် ဟောင်ကောင်၌ ဖြစ်ပေါ်နေသော ဆန္ဒပြပွဲကြီးတွင် လူတစ်သန်း နီးပါးပါဝင်ရာ ဗြိတိန်လက်အောက်မှ လွှတ်လပ်ရေးရရှိခဲ့သည့် ၁၉၉၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲအဖြစ် သတ်မှတ်ခံရသည်။ 

ဆန္ဒပြပွဲတွင် ပါဝင်သူအများစုမှာ လူငယ်များနှင့် တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး ၎င်းတို့ကလမ်းဆုံလမ်းခွများ၊ အစိုးရရုံးအဆောက်အအုံများကို ပိတ်ဆို့ထားကြသည်။ 

ဗုဒ္ဓဟူးနေ့တွင် ဟောင်ကောင်စီးပွားရေးလုပ်ငန်း ၁၀၀ ကျော်ခန့်က ဆန္ဒပြသူများနှင့် တစည်းတလုံးတည်းရှိသည့် သဘောကိုပြလိုသောကြောင့် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာသည်။ 

အကယ်၍ ယခုဆန့်ကျင်ကန့်ကွက်နေသည့် ဥပဒေကြမ်းသာအတည်ပြုခဲ့မည်ဆိုပါက တရုတ်ပြည်မကြီးတွင်ရှိသော ကွန်မြူနစ်ပါတီ ဩဇာခံတရားရုံးများနှင့် တရားစီရင်ရေးစနစ်တွင် ပါဝင်သူများအနေနှင့် ဟောင်ကောင်တို့ ဆက်စပ်ပတ်သက်ကြရမည်ဖြစ်ရာ မျှတမှုရှိသော တရားစီရင်ရေးတစ်ရပ် ပျောက်ဆုံးရမည် ကို ဟောင်ကောင်ပြည်သူများက စိုးရိမ်နေခြင်းဖြစ်သည်။  

F-01