News

POST TYPE

LATEST NEWS POST

ကျောင်းသားများ အရက်၊ ဆေးလိပ်၊ ကွမ်းယာသုံးစွဲမှု များပြားလာခြင်းကို အဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
12-Jun-2019
နေပြည်တော်၊ ဇွန် ၁၂

ကျောင်းသားလူငယ်များ အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု များပြားလာသဖြင့် သက်ဆိုင်သူများက အဖြေရှာပေးရန်လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နေပြည်တော်တွင် ဇွန်လ ၁၂ ရက်ကပြုလုပ်သည့် ကျန်းမာရေး အဆင့်မြင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ၏အဖွင့်အမှာစကားတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းသားလူငယ်များ၏ ဆေးလိပ်သောက်သုံးမှုသည် ၂၀၀၇ ခုနှစ်တွင် ၂ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၆.၆ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း၊ ကွမ်းယာစသော အငွေ့မထွက်သော ဆေးရွက်ကြီးသုံးစွဲမှုမှာ ၈ ရာခိုင်နှုန်း၊ အရက်သောက်သုံးမှုမှာ ၄.၃ ရာခိုင်နှုန်းထိရှိလာပြီး အသက် ၁၄ နှစ် မတိုင်မီ အရက်ကိုစတင်သောက်သုံးသူ များလာကြောင်း ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်းများကိုကြည့်၍ ပြောဆိုသည်။

ထို့ပြင် သင်ရိုးညွှန်းတမ်းပြောင်းခြင်းနှင့်ပတ်သက်၍လည်း ကျောင်းသားမိဘများ အမြင်မကြည်မှုများမရှိရန် ဒေါ်အောင်ဆန်းစုကြည်က မိဘများထံ ရှင်းလင်းပြောကြားခဲ့သေးသည်။

“မိဘတွေအနေနဲ့ နားလည်ဖို့ ကျွန်မတို့ သင်ရိုးညွှန်းတမ်းတွေကို အတိုင်းအတာတစ်ခုအထိ ပြောင်းတယ်ဆိုတာ ပြည်ဝတဲ့လူကြီးများဖြစ်လာအောင်လို့ ရည်ရွယ်ပြီးတော့ လုပ်နေတာပါ။ အဲ့ဒါကို သဘောထားကြီးကြီးနဲ့ မြင်စေချင်ပါတယ်”ဟု ၎င်းကပြောသည်။

အချို့မိဘများသည် သင်ရိုးပြောင်းလဲသည့်အခြေအနေမှ ကျန်းမာရေးအတွက် ကိုယ်ကာယ လှုပ်ရှားခြင်း၊ အစုအဖွဲ့နှင့်အတူ ကစားခြင်း အနုပညာဘက်ကို အားပေးခြင်းစသည့်လုပ်ဆောင်မှုကို အမြင်မကြည်ဟု ကြားသိရကြောင်းလည်း ၎င်းကဆိုသည်။

“ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အလုပ်တာဝန်များလို့သာ အများစုက သဘောပေါက်နားလည်ကြပါတယ်။ အမှန်မှာတော့ ကျောင်သားလူငယ်များ၊ ဆရာ၊ ဆရာမများ၊ မိဘများအားလုံးက မိမိတို့ရဲ့ ကျန်းမာရေးအဆင့်အတန်း တိုးတက်စေဖို့ မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသား/သူများ၏ ကျန်းမာရေး၊ ဘေးကင်းလုံးခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံများ သတ်သတ်မှတ်မှတ်ထားရှိပြီး ကျောင်းကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရေးဝန်ထမ်းများ ခန့်အပ်တာဝန်ပေးရန် လိုအပ်နေကြောင်း၊ ယင်းကိစ္စအတွက် ဘဏ္ဍာငွေ လိုအပ်သကဲ့သို့ ကျွမ်းကျင်သည့် ဆရာ၊ ဆရာမဝန်ထမ်းများလည်း လိုအပ်ကြောင်း အတိုင်ပင်ခံက ထပ်လောင်းပြောသည်။
 
အဆိုပါ အခမ်းအနားကို ဇွန် ၁၃ အပါအဝင် ၂ ရက် ကျင်းပမည်ဖြစ်ပြီး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးကင်းစင်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ပပျောက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျော့ချနိုင်ရေး၊ ကျောင်းသားများတွင် ဂိမ်းအလွန်အကျွံ ကစားမှုပပျောက်ရေးလုပ်ငန်းစဉ်ကို အရှိန်မြင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
 
S-01