News

POST TYPE

LATEST NEWS POST

မတ်ပဲအတွင်း မြေကြီးခဲများရောနှောမှုစစ်ဆေးတွေ့ရှိပါက အရေးယူမည်
12-Jun-2019

ဟင်္သာတ၊ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မည်သည့်ကုန်သည်ထံတွင်မဆို မတ်ပဲအတွင်း မြေကြီးခဲများရောထားသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ထုတ်ပြန်သည်။ 

မတ်ပဲအတွင်း ပဲတူခဲတူများရော ထည့်ခြင်းဖြင့် အလေးချိန်တိုးလာစေရန် ရည်ရွယ်၍ မသမာမှုများပြုလုပ်နေခြင်းရှိ မရှိကို စုံစမ်းနေပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ 

“သံသယရှိတဲ့ကုန်သည်အချို့ ပွဲရုံအချို့ကို လေ့လာနေတယ်။ သံသယရှိတဲ့ ကုန်သည်အချို့ကို သတိပေးထားတာလည်း ရှိတယ်။ သက်သေခိုင်လုံရင်တော့ တရားစွဲသွားမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပြောဆိုသည်။

လွန်ခဲ့သည့် ငါးနှစ်၊ ခြောက်နှစ် ဝန်းကျင်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ကုန်စည်ဒိုင်တာဝန်ရှိသူများ ဝိုင်းဝန်း တားဆီးနှိမ်နင်းခဲ့ခြင်းကြောင့် ပဲတူခဲတူ ရောနှောမှုများကို အရေးယူနိုင်ခဲ့ကြောင်း၊ ယင်းနောက် ပဲတူခဲတူရောနှောမှုများ လျော့နည်း ပပျောက်လာသော်လည်း မထင်မှတ်သည့်အချိန်ကာလမျိုးတွင် ရုတ်တရက် ရောနှောရောင်းချတတ်ခြင်းကြောင့် သတိထားစောင့်ကြည့်နေကြောင်း ၎င်းက ပြောကြားသည်။

ဧရာဝတီတိုင်း၏ အဓိကကုန်စည်ဒိုင်ဖြစ်သည့် ဟင်္သာတကုန်စည်ဒိုင်တွင် ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက မတ်ပဲတစ်တင်းလျှင် ၂၈,၁၀၀ ကျပ်ဈေးဖြင့် နေ့စဉ်မတ်ပဲ အိတ်ရေ သုံးထောင်ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

ဟင်္သာတခရိုင်အတွင်း မတ်ပဲတင်းရေ သုံးသိန်းမှ ငါးသိန်းအထိ လက်ကျန်ရှိနိုင်ပြီး လာမည့်ရက်ပေါင်း ၃၀ အတွင်း တစ်တင်းလျှင် ကျပ်သုံးသောင်းအထိ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ ငွေကြေးအခက်အခဲမရှိသည့် တောင်သူအချို့ကလည်း အမြင့်ဈေးကို မျှော်မှန်းကာ ရောင်းချမှုရပ်တန့်ထားတတ်ကြောင်း ကုန်သည်အများစုက ခန့်မှန်းပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် မတ်ပဲဝယ်ယူရန် ဇွန်လအတွင်း သွင်းကုန်လိုင်စင်ထုတ်ပေးမည်ဟု ကြေညာချက်ထွက်ပေါ်ပြီးနောက် ပြည်တွင်းဈေးကွက်တွင် အိန္ဒိယကုန်သည်များ၏ ဝယ်လိုအားမြင့်လာခြင်း၊ ပါကစ္စတန်၊ ယူအေအီး စသည့်နိုင်ငံများထံ တင်ပို့ရန် အဝယ်ရှိနေခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံ ဈေးကွက်မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

၂၀၁၉ ခုနှစ်တွင် ပဲစင်းငုံတန်ချိန် ငါးသောင်းခန့်နှင့် မတ်ပဲအသစ်တန်ချိန် သုံးသိန်းကျော် ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်တွင်း ပဲလက်ကျန်အတွက် စိုးရိမ်စရာ မရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက မေလတတိယပတ်အတွင်း၌ ထုတ်ပြန်ထားသည်။

R-13