News

POST TYPE

LATEST NEWS POST

ကြက်သွန်ဥထဲ မူးယစ်ဆေးထည့်ကာ ထောင်ဝင်စာပို့ပေးသည့် အမျိုးသမီးကို ဖမ်းမိ
12-Jun-2019


ပုသိမ်၊ ဇွန် ၁၂

ဧရာဝတီတိုင်း မြောင်းမြအကျဉ်းထောင် အတွင်းသို့ ကြက်သွန်ဥထဲတွင် မူးယစ်ဆေးမြုပ်ထည့်၍ ထောင်ဝင်စာပို့ပေးသည့် အမျိုးသမီးတစ်ဦးကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးဆီကနေ ပစ္စည်းတွေကို အကျဉ်းထောင်ရှာဖွေရေး တာဝန်ကျ ဝန်ထမ်းတွေက စစ်တဲ့အခါမှာ ကြက်သွန်နီဥ တွထဲက တွေ့တာ”ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

မူးယစ်မှုဖြင့် ထောင်ဒါဏ် (၂၄) နှစ်ကျခံနေရသူ မြတ်လင်းစံအား ထောင်ဝင်စာ လာပို့သည့် မညွန့်ညွန့်စန်း (ခ) မသဇင်က ကြက်သွန်နီဥ ၂၄ လုံးအတွင်း ပလပ်စတစ် တစ်ထပ်၊ ခဲရောင်စက္ကူ တစ်ထပ်ဖြင့် လုံးထုတ်ထားသည့် ကာလတန်ဘိုး ၅၄ သိန်းရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင် (၁၄၀၀) ပြား၊ အစိမ်းရောင် (၁၀ ) ပြား ICE ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ (၂၄) ဂရမ်၊ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သက်သေခံပစ္စည်းမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

အကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးပို့ပေးသူ အသက် ၃၃ နှစ်ရှိ မညွန့်ညွန့်စန်း (ခ) မသဇင်နှင့် မူးယစ်ဆေး လက်ခံယူမည့်သူ အသက် ၃၇ နှစ်ရှိ ထောင်ကျ မြတ်လင်းစံ (ခ) မြတ်စံ (ခ)လင်းလင်းတို့ကို မြောင်းမြ မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၉ (က)/၂၀ (က)/၂၁ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

R-12



  • VIA