News

POST TYPE

LATEST NEWS POST

Daewoo က တစ်နှစ်လျှင် ဘတ်စ်ကားအစီးရေ ၅၀၀ ခန့် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချမည်
12-Jun-2019


ရန်ကုန်၊ ဇွန် ၁၁

ကိုရီးယားကုမ္ပဏီ Daewoo က မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ဘတ်စ်ကား အစီးရေ ၅၀၀ ခန့် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း Daewoo Bus Myanmar ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ကျော်ကျော်အောင်က ပြောကြားသည်။

Daewoo သည် နှစ်စဉ်ကားအစီးရေ ၁၅၀၀၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ကိုရီးယားနိုင်ငံအပြင် တရုတ်၊ ကော့စတာရီကာ၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ပါကစ္စတန်နှင့် ထိုင်ဝမ်တို့တွင်ပါ SKD စနစ်ဖြင့် ထုတ်လုပ်လျက်ရှိကာ မြန်မာနိုင်ငံတွင် ရှစ်နိုင်ငံမြောက်အဖြစ် စက်ရုံတည်ဆောက် ထုတ်လုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ Daewoo Bus Myanmar ကုမ္ပဏီကို ၂၀၁၇ ခုနှစ် မတ်လက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထောက်ကြန့်မြို့နယ်ရှိ လေးဧကကျယ် ဝန်းသည့်မြေကွက်ကို စက်မှုဝန်ကြီးဌာနထံမှ ငှားရမ်းကာ စက်ရုံတည်ဆောက်ထားခြင်းဖြစ်ကြောင်း Daewoo ကုမ္ပဏီထံမှ သိရသည်။

“၂၀၁၇ ကစပြီး စက်မှုဝန်ကြီးဌာနကနေ ငှားရမ်းပြီး စက်ရုံကိုတည်ထောင်ထားတာပါ။ ဝန်ထမ်းအင်အား ၂၅၀ လောက် ရှိပါမယ်။ ထုတ်လုပ်မယ့်ကား မော်ဒယ်လ်က နှစ်မျိုးရှိပါမယ်”ဟု ဒေါက်တာကျော်ကျော်အောင်က ရှင်းပြသည်။

Daewoo ကုမ္ပဏီက ကိုရီးယားတွင် လက်ရှိထုတ်လုပ်နေသည့် City Bus BS 106 နှင့် Lestar Minibus နှစ်မျိုးကိုသာ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်မည်ဖြစ်ပြီး Service Center များကို ထောက်ကြန့်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဈေးနှုန်းများမှာ Lestar Minibus က အမေရိကန်ဒေါ်လာ လေးသောင်းခွဲ ဝန်းကျင်မှစတင်ပြီး City Bus က ဒေါ်လာရှစ်သောင်းခွဲဝန်းကျင်မှ စတင်မည်ဖြစ်ကြောင်း Daewoo ထံမှ သိရသည်။

လက်ရှိတွင် ကိုရီးယားမှအင်ဂျင်နီယာများ အကူအညီရယူကာ မြန်မာနိုင်ငံမှ အင်ဂျင်နီယာများကို စမ်းသပ်သင်ကြားပေးသည့်အနေနှင့် City Bus 106 ငါးစီးနှင့် Lestar Minibus ငါးစီးစီ တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ အင်ဂျင်နီယာများဖြင့်သာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ ကျော်ကျော်အောင်က ပြောဆိုသည်။

“Daewoo မော်တော်ယာဉ်ထုတ် လုပ်တဲ့စက်ရုံက SKD ထက်လည်း ကျော်ပါတယ်။ Fully CKD မဟုတ်ရင်တောင် Semi CKD အဆင့်ရှိပါတယ်”ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။

Daewoo မှ ထုတ်လုပ်သည့်ကားများသည် လက်ရှိမြန်မာနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသည့် SKD အဆင့်ထက်မြင့်မားပြီး Lower Level CKD အဆင့်တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Daewoo က ဘတ်စ်ကားများကို မြန်မာနိုင်ငံအတွက်သာမက ပြည်ပပို့ကုန် အဖြစ်ပါထုတ်လုပ်၍ ပြည်ပဝင်ငွေရှာဖွေရန် ရည်ရွယ်ထားကြောင်း Daewoo ကုမ္ပဏီထံမှ သိရသည်။

မြန်မာနိုင်ငံရှိ မော်တော်ယာဉ် ဈေးကွက်တွင် ကိုရီးယားအမှတ်တံဆိပ်ဖြစ်သည့် Daewoo၊ Hyundai၊ KIA နှင့် ဂျပန်အမှတ်တံဆိပ်ဖြစ်သည့် NISSAN နှင့် SUZUKI တို့ တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။

J-11


  • VIA