News

POST TYPE

LATEST NEWS POST

ပလက်ဝသို့ ဆန်သယ်ယူခွင့် ပြန်ခွင့်ပြု
27-May-2019

ကလေး၊ မေ ၂၇ 

ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ဆန်တင်သွင်းနေမှုကို တပ်မတော်က တားမြစ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်သယ်ယူခွင့်ပြုခဲ့ကြောင်း ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုအောင်က ပြောကြားသည်။ 

“ပုံမှန်သွားလာနေပါတယ်။ ဘာမှမကန့်သတ်တော့ပါဘူး။ ဟိုတစ်လောက ခဏတစ်ဖြုတ်လေးပါ”ဟု ၎င်းက ပြောဆိုသည်။

ဆန်သယ်ယူရာတွင် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် ကျောက်တော်မြို့မှ ဆန်သယ်ယူမှုကို တပ်မတော်ဘက်က မေလပထမပတ်မှ စတင်ပိတ်ထားပြီးနောက် မေလ ၁၈ ရက်နေ့၌ ပြန်လည်ခွင့်ပြုခဲ့သော်လည်း ဆန်ကုန်သည်တစ်ဦးလျှင် ဆန်အိတ်ရေ ၂၀ အထိသာ သယ်ယူခွင့်ပြုခဲ့ပြီး မတ်လ ၂၀ ရက်နေ့မှစတင်၍ ဆန်ကုန်သည်တစ်ဦးလျှင် ဆန်အိတ် ၅၀ အထိ ပြန်လည်သယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပလက်ဝမြို့ရှိ ဆန်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

“သယ်ယူခွင့်ရပြီဆိုတော့ ကျွန်မတို့တော့ အရင်ဈေးနှုန်းအတိုင်းပဲ ရောင်းချပေးတယ်။ ဒါပေမဲ့လိုသလောက် သယ်လို့မရသေးတော့ အခက်အခဲတော့ ရှိနေသေးတာပေါ့”ဟု ပလက်ဝမြို့မှ ဆန်ကုန်သည်တစ်ဦးက ပြောဆိုသည်။

ပလက်ဝမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများ စားသုံးရန်ဆန်ကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှတစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ပလက်ဝမြို့သို့သယ်ယူပြီး ဆန်စားသုံးကြခြင်း ဖြစ်သည်။

အဆိုပါမြို့နယ်အတွင်း ဆန်သယ်ယူခွင့်ပိတ်စဉ်က ဆန်ပေါက်ဈေးသည် အညံ့စား ဆန်အိတ်တစ်အိတ်လျှင် ကျပ်လေးသောင်းအထိ ဈေးတက်ခဲ့ရာမှ ယခုအခါ ကျပ်သုံးသောင်းသို့ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်က ပလက်ဝမြို့ ဆန်ကုန်သည်တစ်ဦးလျှင် ဆန်အိတ် ၈၀ အထိ လွတ်လပ်စွာတင်ဆောင်သယ်ယူနိုင်ခဲ့ကြသည်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပလက်ဝမြို့နယ်အတွင်း ဖောက်လုပ်နေသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး နယ်စပ်ကားလမ်းဖောက်လုပ်မှု လုပ်ငန်းခွင်နှင့် ကုလားတန်မြစ်ကူး (ပလက်ဝ) တံတားစီမံကိန်းအတွက် လိုအပ်သည့် ပစ္စည်းများသယ်ဆောင်သည့်ရေယာဉ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့တပ်မတော်နှင့် AA အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူအများအပြားရှိနေပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်သူ ၂၀၃၉ ဦးရှိကြောင်း သိရသည်။

R-20