News

POST TYPE

LATEST NEWS POST

ဘဏ်အကောင့်မှ ကျပ်သိန်း ၅၀၀ ကျော် ပျောက်ဆုံးမှု ဘဏ်မန်နေဂျာကို အမှုဖွင့်ထား
27-May-2019



မုံရွာ၊ မေ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ၁ တွင် စုဆောင်းထားသည့် ငွေစုစာအုပ်အတွင်းမှ ကျပ်သိန်း ၅၀၀ ကျော်မှာ ထုတ်ယူခြင်းမရှိဘဲ ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ ဘဏ်မန်နေဂျာကို အမှုဖွင့်ထားကြောင်း ကာယကံရှင်ဦးကိုဦးက ပြောကြားသည်။

အဆိုပါငွေ ဘဏ်အကောင့်အတွင်းမှ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ဘဏ်တာဝန်ရှိသူများကို ဖြေရှင်းပေးရန်သွားရောက် ပြောဆိုခဲ့သော်လည်း ယနေ့ထက်တိုင်ဖြေရှင်းပေးခြင်း မရှိသေးသဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက မေလ ၂၇ ရက်နေ့ မုံရွာမြို့၊ ချင်းတွင်းအင်စတီကျူရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ 

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက မုံရွာ၊ ကမ္ဘောဇဘဏ် (၁) တွင် ငွေစုစာအုပ်ပြုလုပ်ပြီး  ငွေသွင်းလာခဲ့ရာ၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအထိ ကျပ်သိန်း ၉၀၀ ကျော်ရှိကြောင်း၊ ယင်းနောက် ၂၀၁၉ ခုနှစ်၊ ဧပြီလ၌ ဘဏ်သို့သွားရောက်ငွေစစ်ခဲ့ရာ ကျပ်သိန်း ၄၀၀ ကျော်သာ ကျန်ရှိကြောင်း တွေ့ရသဖြင့် ဘဏ်မန်နေဂျာကို မိမိမထုတ်ဘဲငွေမှာ ပျောက်ဆုံးနေကြောင်း စစ်ဆေးပေးရန်တောင်းဆိုရာ မန္တလေးမြို့ရှိ ၄၂ လမ်းဘဏ်မှ ကျပ်သိန်း ၅၅၀ ကို ကားလိုင်စင်ဖြင့် ငွေထုတ်သွားသည်ဟု ပြောဆိုခဲ့သဖြင့် ယင်းကိစ္စကို ဖြေရှင်းပေးရန်တောင်းဆိုသော်လည်း နှစ်လကျော်ကြာမြင့်သဖြင့် မုံရွာမြို့မစခန်းတွင် မန်နေဂျာကို အရေးယူပေးပါရန် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင် ဦးကိုဦးက ရှင်းပြပြောဆိုသည်။

“ဘဏ်စာအုပ်နဲ့ကျတော့ မှတ်ပုံတင်နဲ့သာ ငွေကိုထုတ်လို့ရမှာ။ စာအုပ်၊ မှတ်ပုံတင်၊ လိုင်စင်မပျောက်ဘူး။ လိုင်စင်နဲ့ ထုတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ဘဏ်မန်နေဂျာ ဒေါ်ကြုကြူလွင် ၄၀ နှစ်ကို မုံရွာမြို့မစခန်းတွင် (ပ) ၁၀၆၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၆ ဖြင့် ငွေပျောက်ဆုံးသူ ဦးကိုဦးက အမှုဖွင့်ထားကြောင်း မြို့မစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ ဘဏ်အကောင့်အတွင်းမှ ငွေများပျောက်ဆုံးမှုနှင့် ပတ်သက်၍ မုံရွာမြို့၊ ကမ္ဘောဇဘဏ် ၁ မှ မန်နေဂျာ ဒေါ်ကြူကြူလွင်ကို သွားရောက်မေးမြန်းခဲ့ရာ ၎င်းတို့ရုံးချုပ်ထံမှ ခွင့်ပြုချက်ယူထားပြီး အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးနေကာ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 


R-08