News

POST TYPE

LATEST NEWS POST

ရာသီဥတုပြောင်းလဲမှုအရေးအတွက် ကမ္ဘာတစ်ဝန်း ကျောင်းသားများဆန္ဒပြ
26-May-2019


စတော့ဟုမ်း၊ မေ ၂၅

ရာသီဥတုပြောင်းလဲမှုအရေးကို ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုသည့် သောကြာနေ့လှုပ်ရှားမှု ဆန္ဒပြပွဲများကို ကမ္ဘာတစ်ဝန်းရှိ ကျောင်းသားများက ပြုလုပ်ခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့က နိုင်ငံပေါင်း ၁၁၀ ခန့်တွင် တစ်ပြိုင်တည်းစီစဉ်ပြုလုပ်သော ဆန္ဒပြပွဲများတွင် ကျောင်းသူကျောင်းသား ပေါင်းတစ်သန်းခန့် ပါဝင်ဆင်နွှဲခဲ့သည်ဟု စီစဉ်သူများက ပြောကြားသည်။

၎င်းတို့က ကမ္ဘာကြီးပူနွေးလာမှုကို အရေးပေါ် ကိုင်တွယ်ဆောင်ရွက်ရန် အစိုးရများနှင့် ကုမ္ပဏီများအား တောင်းဆိုခဲ့ကြသည်။

၂၀၁၈ ခုနှစ်က ဆွီဒင်ပါလီမန်ရှေ့တွင် ဆန္ဒပြပြီးနောက် တစ်ကမ္ဘာလုံးဦးဆောင် လှုပ်ရှားသူဖြစ်လာခဲ့သည့် ဆွီဒင်ကျောင်းသူ ဂရီတာသမ်းဘတ်က ဆန္ဒပြမှုများကို စည်းရုံးလှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။ “ရာသီဥတုပြောင်းလဲမှုအပေါ် ကျောင်းသားများ ဆန္ဒပြခြင်း” ဆိုသော ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့သည့် ထိုစဉ်က ၁၅ နှစ်အရွယ် ကျောင်းသူက ဆွီဒင်အစိုးရ အရေးတယူဆောင်ရွက်သည်အထိ ကျောင်းတက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

သူမ၏ တစ်ကိုယ်တော်ဆန္ဒပြမှုသည် ဥရောပ၊ အမေရိကန်နှင့် ဩစတြေးလျ နိုင်ငံများတွင် “ရာသီဥတုပြောင်းလဲမှုအပေါ် ကျောင်းသားများ ဆန္ဒပြခြင်းသို့မဟုတ် အနာဂတ်အတွက် သောကြာနေ့များ”ဟု လူသိများသော ဆန္ဒပြလှုပ်ရှားမှုများကို ကူးစက်ဖြစ်ပေါ်စေခဲ့သည်။

နိုင်ငံတကာ ကျောင်းသားများ တညီတညွတ်တည်း နောက်ဆုံး ဆန္ဒပြမှုသည် မတ်လ ၁၅ ရက်က ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ကျောင်းသား ၁ ဒသမ ၆ သန်းခန့်က ကျောင်းမတက်ဘဲ ဆန္ဒပြခဲ့သည်။

ကျောင်းသားများ၏ သောကြာနေ့ လှုပ်ရှားမှုသည် ဩစတြေးလျနှင့် နယူးဇီလန်တွင် စတင်ပျံ့နှံ့ခဲ့သည်။ အသက် ၁၃ နှစ်အရွယ် နီနာက ရာသီဥတုဘေးအန္တရာယ်များကို စိုးရိမ်မှုကြောင့် ဆန္ဒပြပွဲတွင် ပါဝင်ဖြစ်ခဲ့သည်ဟု ပြောကြားသည်။ “သမီးတို့ဆီမှာ အမြဲတမ်း တောမီးလောင်ကျွမ်းမှုတွေကြောင့် တိရစ္ဆာန်မျိုးစိတ်တွေ ပပျောက်ကုန်တယ်”ဟု သူမက ဆိုသည်။

ရာသီဥတုပြောင်းလဲမှုများကြောင့် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်းတစ်သန်းခန့် မျိုးတုံးပပျောက်မည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟု ယခုလကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် သတိပေးထားသည်။

ကမ္ဘာတစ်ဝန်းမှ ဆန္ဒပြကျောင်းသူ ကျောင်းသားများက ရာသီဥတုအရေးဆိုင်ရာ ၂၀၁၅ ပဲရစ်စာချုပ်ကို ၎င်းတို့နိုင်ငံ အသီးသီးမှ အစိုးရများက လိုက်နာဆောင်ရွက်လာသည်အထိ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ဆန္ဒပြသွားကြမည်ဟု ပြောကြားသည်။  

F-04



  • VIA