News

POST TYPE

LATEST NEWS POST

မိုးကုတ်ရှိ အခြေခံပညာကျောင်းများ လီဆူစာပေတိုးချဲ့သင်ကြားခွင့်ရ
25-May-2019
မန္တလေး၊ မေ ၂၅

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပေးနေသော လီဆူစာပေကို ပြီးခဲ့သည့်နှစ်ကထက် ကျောင်း ၆ ကျောင်း၌ တိုးချဲ့သင်ကြားခွင့်ရမည်ဖြစ်ကြောင်း ယင်းတိုင်းလီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီထံမှ သိရသည်။ 

“လီဆူစာပေသင်ကြားမှုဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတာကို တွေ့ရပါတယ်။ လီဆူစာပေ သင်ကြားရေးဆရာ၊ ဆရာမတွေ တိုးတက်လာသလို ကျောင်းသားကျောင်းသူများလည်း တိုးတက်လာတာကို တွေရပါတယ်”ဟု မန္တလေးတိုင်း လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဂွာရှီးယက ပြောကြားသည်။

မိုးကုတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် လီဆူစာပေသင်ကြားရာ၌ ၂၀၁၈-၁၉ ပညာသင်နှစ်၌ ၃၄ ကျောင်းတွင် ဆရာ၊ ဆရာမ ၁၀၂ ဦးက သင်ကြားခဲ့ရာတွင် ကျောင်းသား၊ ကျောင်းသူ ၇၀၄၂ ဦးတို့ တက်ရောက်ခဲ့ကြောင်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်း ၄၀ တွင် ဆရာ၊ ဆရာ ၁၁၅ ဦးမှ ကျောင်းသား၊ ကျောင်းသူ ၇၀၀၀ ဦးကို သင်ကြားခွင့်ရရှိခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“အခြေခံပညာကျောင်းများတွင် လီဆူစာပေနှင့်ပတ်သက်ပြီး Grade 1, Grade 2, Grade 3  ခွဲခြားသင်ကြားပေးနေပါတယ်။ သင်ကြားတဲ့အခါ အကဲဖြတ်အမှတ်ပေးစနစ်များရှိသလို စာမေးပွဲနှစ်ကြိမ်လည်း စစ်ဆေးပေးပါတယ်။ သင်ထောက်ကူပစ္စည်း လုံလောက်ရင် သင်ကြားရတာ ပိုပြီး အဆင်ပြေမယ်”ဟု မိုးကုတ်မြို့ မင်းတံတားရပ် အမှတ် ၃၁ အခြေခံပညာမူလတန်းကျောင်းမှ ဆရာမ ဒေါ်မေဇွန်ဦးက ပြောကြားသည်။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာတစ်ခုဖြစ်သော လီဆူစာပေ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ယခုနှစ် မေလ ၁၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ၂၅ ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

လီဆူစာပေသည် ၁၉၁၈ ခုနှစ်တွင် J.O Freser နှင့် ဆရာကြီး ဦးဘသော်တို့က ရောမအက္ခရာကိုအခြေခံကာ တီထွင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အင်္ဂလိပ်အစိုးရလက်ထက် ၁၉၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က အသိအမှတ်ပြုခဲ့ကာ ၁၉၂၃ ခုနှစ်တွင် ကမ္ဘာ့စာပေအသင်းတွင် စာရင်းဝင်ခဲ့သည်။

M-01