News

POST TYPE

LATEST NEWS POST

အောင်သပြေရွာက ဖမ်းဆီးခံကျောင်းသား ပြန်မလွတ်သေး
25-May-2019
မန္တလေး၊ မေ ၂၅

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ပုဒ်မလေးခုဖြင့် အမှုဖွင့်ခံထားရသူ ဦးရွှေအုန်း၏ သားဖြစ်သူ နဝမတန်းကျောင်းသားကို ရဲတပ်ဖွဲ့က မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးထားသော်လည်း ၂၄ နာရီကြာသည်အထိ ပြန်မလွတ်သေးကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။

" အဲဒီကောင်လေးက ကျောင်းတွေလည်းပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ကျောင်းအပ်ဖို့ကိစ္စရယ်။ စာအုပ်တွေရယ်သွားဝယ်တာ။ အခြားကလေးနှစ်ယောက်နဲ့ အတူတူပဲ။ ပြန်လာတဲ့အချိန်ကျတော့ ရွာအဝင်လမ်းဘေးက တရုတ်တွေနားနေတဲ့ ကုမ္ပဏီဆိုက်ရှေ့မှာ ဆိုင်ကယ်ကို ဝိုင်းတားပြီး ဖမ်းထားလိုက်တာ။ ဖမ်းတဲ့အချိန်တုန်းက ဦးရွှေအုန်းသားဘယ်သူလဲလို့ မေးပြီး ဖမ်းတာလို့ သူနဲ့အတူပါတဲ့ကလေးတွေက ပြန်ပြောပြတယ် " ဟု အောင်သပြေရွာသား ဦးတင်လင်းက ပြောကြားသည်။

ကိုးတန်းကျောင်းသား မောင်တူးဝေယံကို ဖမ်းဆီးထားသည်မှာ မှန်ကန်ပြီး စစ်ဆေးနေကြောင်း၊ မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်ကြီးမြို့မရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ် အရာရှိတစ်ဦးက အတည်ပြု ပြောကြားသော်လည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကိုမူ မဖြေကြားပေ။

" ဒါက ဝရမ်းပြေးဖြစ်တဲ့ လူကြီး ကျွန်တော့်ကို ဖမ်းချင်တာကို ကလေးကိုခေါ်ဖမ်းပြီး ဓားစာခံလုပ်တယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော့်ကလေးက ဒီရွာကဖြစ်စဉ်တွေမှာ ပါခဲ့တာမဟုတ်ဘူး။ ဖြစ်စဉ်တွေဖြစ်ပြီ အမှုတွေ ဖွင့်ထားတဲ့အထဲမှာလည်း သူမပါဘူး။ ဒါကို ကလေးကို ဖမ်းသွားတာပါ။ ကျွန်တော်ရဲ့ရှေ့နေဖုန်းကနေ မနေ့(မေလ ၂၄ ရက်)က ဖုန်းဆက်လာတယ်။ ကလေးကို ရဲက မီးရှို့တာ မင်းအဖေလုပ်တာမဟုတ်လားဆိုပြီး မေးတယ်တဲ့။ အဖေမလာနဲ့ ကျွန်တော်အသေခံမယ်။ မလာနဲ့လို့ပြောတယ်။ ဒီနေ့မနက်ကျတော့ သူ့ကို အိုးဘိုထောင်ပို့ထားတယ်လို့ သိရပါတယ် " ဟု ဦးရွှေအုန်းက ပြောကြားသည်။

မောင်တူးဝေယံကို ဖမ်းဆီးထားရခြင်းမှာ မေလ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့သည့် ကုမ္ပဏီဝန်းအတွင်း မီးလောင်မှုဖြစ်စဉ်တွင် ရွာသားများကျူးလွန်သည်ဟု ကုမ္ပဏီဝန်ထမ်းများက တိုင်ကြားသည့်အတွက် အမျိုးသမီးအမျိုးသား ၁၃ ဦးကို အမှုဖွင့်ထားရာတွင် ပါဝင်သည့်အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှတ်တမ်းအရသိရသော်လည်း ရဲတပ်ဖွဲ့က မောင်တူးဝေယံကို ဖမ်းဆီးစဉ်က ဦးရွှေအုန်း၏ သားကိုသာ ရှာဖွေဖန်းဆီးခဲ့ခြင်းဖြစ်ပြီး မီးရှို့သူအဖြစ် ဖမ်းဆီးခဲ့ခြင်းမဟုတ်ကြောင်း ဒေသခံများက ပြောကြားသည်။

မေလ ၁၄ ရက်နေ့က မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကလုပ်ဆောင်နေသည့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းပိတ်သိမ်းရေးအတွက် အောင်သပြေကျေးရွာဒေသခံများက ပိတ်ဆို့ဆန္ဒပြခဲ့ရာမှ ပဋိပက္ခစတင်ခဲ့ပြီး ယင်းပဋိပက္ခဖြစ်စဉ်အတွင်း Channel Mandalay TV မှ သတင်းထောက် ၁ ဦးအပါအဝင် ရွာသား ၈ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

M-04